တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

(၅၅)နှစ်မြောကALPတည်ထောင်နေ့အခမ်းအနား ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.1k


မြထွီးသျှင်
နိရဥ္စရာ၊ ဧပြီ ၉/ ၂၀၂၂
ယနေ့ကျရောက်သည့် (၅၅)နှစ်မြောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တည်ထောင်နေ့အခမ်းအနားကို ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားများကို ယနေ့ ဧပြီလ ၉ ရက် နံနက်က ရခိုင်ပြည်နယ်ရှိ ALP ရုံးချုပ်အခြေစိုက်ရာနေရာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် တပ်ရင်းတစ်ခုတွင် တပြိုင်တည်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ALP ပါတီခေါင်းဆောင်များဖြစ်ကြသည့် ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်၊ ဒုတိယဥက္ကဋ္ဌစောမြရာဇာလင်းနှင့် အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်တို့မှာ ခရီးလွန်နေသဖြင့် ရခိုင်တွင်ပြုလုပ်ခဲ့သည့်အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိခဲ့ဘဲ အကျဉ်းရုံးသာပြုလုပ်နိုင်ခဲ့သည်ဟု တွဲဘက်အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်းက နိရဥ္စရာကိုပြောသည်။
“ဒါကတော့ ကျနော်တို့ပါတီမွေးနေ့ဖြစ်တဲ့အတွက် ဒါကတော့ နှစ်စဉ်နှစ်တိုင်းလုပ်ကြပါတယ်။ ကျနော်တို့ပါတီအပေါ်မှာ လုပ်သင့်လုပ်ထိုက်တယ်လို့ယူဆတဲ့အတွက် လုပ်တာပါ”ဟု ပြောသည်။
အခမ်းအနားသို့ ALP ပါတီဝင်များ၊ ALP ကို အားပေးထောက်ခံသည့်ပြည်သူများနှင့် အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်နှင့် အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်တို့မှာ ခရီးလွန်နေ၍ အွန်လိုင်းမှသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ALP ပါတီကို ၁၉၆၇ ခုနှစ်တွင် အိန္ဒိယနယ်စပ်၌ စတင်ဖွဲ့စည်းခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂ဝ၁၂ ခုနှစ်၊ ဧပြီလတွင် ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။
ALP ပါတီမှ ဗိုလ်မှူးကြီးခိုင်ပေါ်လင်းက “ကျနော်တို့က လောလောဆယ်မှာ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကို တစွမ်းတစ ကျနော်တို့ကူညီပံ့ပိုးနေတာတွေရှိပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ကူညီဆောင်ရွက်မှုတွေ၊ နောက်ပြီး အရေးပေါ်ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ ကူညီဆောင်ရွက်မှုတွေကို ပြုလုပ်လို့ရှိပါတယ်”ဟု နိရ ဉ္စရာကို ပြောသည်။

ဆက်စပ် သတင်းများ