တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ခေါင်းဆောင်များကိုဖိတ်ခေါ်ပြီး ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမည်ဟု စစ်ကောင်စီဥက္ကဋ္ဌပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.8k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၂၂/၂၀၂၂
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး ကိုယ်တိုင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကထုတ်ဖော်ပြောဆိုသည်။
ယနေ့ဧပြီလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် ပတ်သတ်၍ မိန့်ခွန်းပြောကြားခဲ့စဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ ပြောဆို သွားခဲ့ခြင်းဖြစ်သည်။
“အဓိကအကြောင်းအရာကတော့ သဘောထားကွဲလွဲမှုများအပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့အနှစ်သာရ လွတ်လပ်ရေးရဲ့ အနှစ်သာရကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခငြိမ်းချမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ဖို့လိုအပ်တဲ့အတွက်ကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင် တွေကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့အားလုံးကို ကျွန်တော် ကိုယ်တိုင်တွေ့ပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတက်ရောက်မည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်စာရင်းများကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ကို နောက်ဆုံးထား အကြောင်းပြန်ပေးရန် ပြောဆိုသည်။
ယင်းဆွေးနွေးပွဲတွင် တိုင်းရင်းသားများဘက်က လိုလားချက်များကို ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးနိုင်ပြီး ၄င်းတို့ဘက်မှ လုပ်ပေးနိုင်သမျှကို ပြန်လည်ဆွေးနွေးမည်ဖြစ်ကာ ယခု ဖိတ်ကြားချက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)များ မပါဝင်ကြောင်း ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါ ဖိတ်ကြားချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ဆက်သွယ်မေးမြန်းရာ ဆွေးနွေးပွဲကို တက်ရောက်သွားမည်ဟု ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက နိရဥ္စရာကိုပြောသည်။
ရခိုင်မှ အင်အားအကြီးမားဆုံးနှင့် နယ်မြေစိုးမိုးမှုရရှိထားသည့် ရက္ခိုင့်တပ်တော်(AA)ကို ဆက်သွယ်နေဆဲဖြစ်သဖြင့် AA ၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ