သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဩဂုတ် ၁၃ ဆန်ပြဿနာနေ့အခမ်းအနားကို ရခိုင်မှလွတ်မြောက်နယ်မြေတွင် ပထမဆုံးအကြိမ်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 496

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဩဂုတ် ၁၃/ ၂၀၂၄

ယနေ့ဩဂုတ် (၁၃) ရက်တွင် ကျရောက်သည့် ၅၇ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို  ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ရခိုင်ရှိ လွတ်မြောက်နယ်မြေ တစ်ခုတွင် ကျင်းပခဲ့သည်ဟု သိရသည်။

ယင်းအခမ်းအနားကို ပြီးခဲ့သည့်နှစ်များက စစ်တွေမြို့တွင် ကျင်းပနိုင်ခဲ့ကြသော်လည်း ယခုနှစ်တွင် စစ်ကောင်စီက စစ်တွေဒေသခံများကို ဖမ်းဆီးသတ်ဖြတ်နေမှုကြောင့် ကျင်းပနိုင်ခြင်းမရှိပေ။

သို့သော်လည်း ဆန်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြသည့် စစ်တွေဒေသခံ (၃၀၀) ကျော် သတ်ဖြတ်ခံခဲ့ရသည်နေ့ကို အမှတ်ရသောအားဖြင့် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို လွတ်မြောက်နယ်မြေတွင် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကိုပြောသည်။



"ဒီနေ့ဟာ မေ့ပျောက်လို့ရနိုင်တဲ့ နေ့တစ်နေ့မဟုတ်ဘူး။ မြန်မာစစ်တပ်ရဲ့ယုတ်မာမှုတွေကို ကျနော်တို့ဘယ်လိုမှ မေ့ဖျောက်လို့မရဘူး။ ပြီးတော့ ဒီနေ့မှာ အသက်ပေးလိုက်ရတဲ့ ပြည်သူတွေကို ဝမ်း‌နည်းအောက့်မေ့တဲ့အနေနဲ့ ဒီအခမ်းအနားကို ကျင်းပရတာဖြစ်တယ်" ဟု ပြောသည်။

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

၁၉၆၇ ခုနှစ် မဆလအစိုးရ ဗိုလ်ချုပ် နေဝင်းလက်ထက်တွင် ရခိုင်ပြည်မှထွက်သည့်ဆန်များကို ရခိုင်ပြည်တွင် ပြန်လည်ရောင်းချခွင့်မပြုဘဲ နိုင်ငံခြားသို့ တင်ပို့ရာကနေ ဆန်ရှားပါးမှု ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် စစ်တွေမြို့ရှိ ပြည်သူများသည် ဩဂုတ် (၁၃) ရက်တွင် “ဆန်ကွဲမစား၊ ရခိုင်သား"၊ "ပြုတ်ဆန်မစား၊ ရခိုင်သား"၊ "မုန့်တီမစား၊ ရခိုင်သား"၊ "ဆန်ပြဿနာဖြေရှင်းပေးပါ"၊ "ရခိုင်အရေးတော်ပုံ အောင်ရမည်" စသည့် ကြွေးကြော်သံများနှင့်အတူ လူပေါင်းသောင်းနှင့် ဆန်ရရှိရေး ကြွေးကြော်ချီတက် ဆန္ဒပြခဲ့ကြရာ စစ်တပ်က ပစ်သတ်၍ လူပေါင်း (၃၀၀) သေဆုံး သွေးချောင်းစီးခဲ့ရသည်။


 Photo: Arakan Students' Union

ဆက်စပ် သတင်းများ