ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း နောက်ထပ် ၁၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ရောက်နိုင်ဟုခန့်မှန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 841

 

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည်  နောက်ထပ် ၁၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်နိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။  

 

မေ ၁၀ ရက်နေ့တွင် ၎င်းမုန်တိုင်းငယ်သည် ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)သည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ (၁၁..၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိကာ ထိုမှတဆင့် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။

 

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေသည်ဟု ဖော်ပြထားသည်။

 

ယနေ့ညနေအထိခန့်မှန်းချက်မှာ  ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး  ရွာရန်ရာနှုန်း (၈၀) ဖြစ်သည်ဟု ဆိုသည်။

 

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်း နေပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နိုင်ပါရန် အကြံပြုအပ်သည်ဟု ဖော်ပြပါရှိသည်။

ဆက်စပ် သတင်းများ