ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် ခရီးသွားပြည်သူများကို စစ်ကောင်စီတပ်က စစ်ဆေးမှု ပိုမိုတင်းကျပ်လာ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 5k

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်သည် ခရီးသွားပြည်သူများအပေါ် စစ်ဆေးမှုများ ယခင်ကထက် ပိုမိုတင်းကျပ်လာနေကြောင်း သိရသည်။

စစ်တွေ-ရန်ကုန်ကားလမ်းတစ်လျှောက်ရှိ ကျောက်တန်းဂိတ်၊ ကျောက်တော်တပ်မဂိတ်တို့အပါအဝင် စစ်ဆေးရေးဂိတ် ၁ဝ ကျော်နှင့် အမ်း- တောင်ကုတ်သွားလမ်းရှိ စစ်ဆေးရေးဂိတ်တချို့တွင်လည်း စစ်ကောင်စီတပ်က ခရီးသွားများနှင့် ကားများကို စစ်ဆေးမှုတင်းကျပ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်တွေမှ မြောက်ဦးသို့ သွားလာဖြတ်သန်းနေသည့် ခရီးသည်တင်ယာဉ်များကိုလည်း ယခုရက်ပိုင်းအတွင်း တင်းကျပ်စစ်ဆေးမှုများ ခပ်စိပ်စိပ်ပြုလုပ်နေသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

"မှတ်ပုံတင်ပါလား၊ မွတ်ဆလင်တွေပါလား၊ ဆေးတွေပါလား၊ တားမြစ်ဆေးတွေပါလား အဲ့လိုမျိုးစစ်တယ်။ စစ်တွေက ကျောက်တန်းဂိတ်မှာဆိုရင် ဆေးဖာတွေကို ဖွင့်စစ်တယ်။ တားမြစ်ဆေးတွေဘာတွေ ပါလားပေါ့နော်။ တားမြစ်ဆေးက ဘာဆေးဆိုတာ ကျနော်တို့မသိပါဘူး"ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ယင်းအပြင် အချိန်ကြာစစ်ဆေးခြင်းတို့ကြောင့် ခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်ကာ စိတ်မလုံခြုံမှုများဖြစ်ရသည်ဟု မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာသားတစ်ဦးက ပြောသည်။

"ကားပေါ်ကခရီးသည်တွေကို ဘယ်ကလာလဲ၊ ဘယ်ကိုသွားလဲမေးမြန်းတယ်။ လမ်းမှာ စစ်တပ်ကလူတွေ အစစ်အဆေးလုပ်တယ်။ မေးမြန်းတယ်ဆိုတော့ စိတ်မလုံခြုံမှုဖြစ်တယ်။ သွားရလာရတာစိတ်မဖြောင့်ဘူး။ သူတို့မသင်္ကာရင်တော့ အကုန်စစ်တယ်" ဟုပြောသည်။

ရခိုင်က စစ်ဆေးရေးဂိတ်တစ်ချို့တွင် စစ်ဆေးရေးများပြန်လည်တင်းကျပ်လာသလို ဆေးဝါးသယ်ယူခွင့်နှင့် အိမ်ဆောက်ပရိဘောဂများကိုသယ်ယူရာတွင်လည်း နယ်/လုံလက်မှတ်ပါမှ သယ်ယူခွင့်ရနေဆဲ ဖြစ်သည်ဟု အမ်းမြို့ပေါ်က ဒေသခံတစ်ဦးက ပြောသည်။

"စစ်ဆေးတာကတော့ အရင်လိုပါပဲ။ ဆေးဝါးတွေကတော့ အရင်တုန်းကလို လွတ်လပ်စွာသယ်ယူခွင့်မရတာ အပစ်အခတ်ရပ်ပြီးနောက်ပိုင်းကတည်းကပေါ့နော်။ ဆေးဝါးတို့ အိမ်ဆောက်ပရိဘောဂတို့ကိုသယ်မယ်ဆိုရင် နယ်/လုံလက်မှတ်ပါမှ သယ်ခွင့်ရတာပါပဲ" ဟုပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့ အပစ်အခတ်ရပ်စဲထားကြသော်လည်း စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းရှိ ဒေသခံများကို ခရီးသွားလာရာတွင် စစ်ဆေးမှုများတင်းကျပ်ခြင်း၊ ဆေးဝါးများ သယ်ယူခွင့်များကိုလည်း ပိတ်ပင်ထားဆဲ ဖြစ်ကြောင်းသိရသည်။

ရခိုင်တွင် ၂၀၁၈ ခုနှစ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ချိန်မှစတင်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ထံ ရခိုင်ပြည်သူများမှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းမျးကို ခံနေရကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။ 

(ဓာတ်ပုံ- ပုံဟောင်း)

 

ဆက်စပ် သတင်းများ