ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မိုခါ မုန်တိုင်းသင့် ရခိုင်ပြည်သူများ လူသားချင်းစာနာမှုလိုအပ်မှု မြင့်မားနေဆဲဟု ယူအန်OCHA ထုတ်ပြန်


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.7k

ရခိုင်ပြည်တွင် မိုခါ ဆိုင်ကလုန်မုန်တိုင်း တိုက်ခတ်ခဲ့သည့်မှာ ယခုအခါ ၄ လနီးပါး ကြာမြင့်လာပြီ ဖြစ်သော် လည်း လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ မြင့်မားနေဆဲဖြစ်ကြောင်း ယူအန်အိုချာက (OCHA) စက်တင်ဘာ ၈ ရက်နေ့ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“ ရခိုင်ပြည်နယ်တွင် မိုခါဆိုင်ကလုန်မုန်တိုင်း တုန့်ပြန်ကူညီရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေး အစီအစဉ်များ ခွင့်ပြုချက်ရရှိပြီးဖြစ်ကာ ကယ်ဆယ်ရေး ပစ္စည်းတချို့ကို ဖြန့်ဝေထားပြီး ဖြစ်ပါ​ကြောင်း၊ သို့ရာတွင် မုန်တိုင်းသင့် ဒေသခံများအတွက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ မြင့်မားနေဆဲဖြစ်ပြီး အကူအညီ များ ပိုမိုပေးသွားရန် လိုအပ်နေဆဲ ဖြစ်ကြောင်း ” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အလားတူ မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်အပါအဝင် နေရာတချို့တွင် ရေကြီး ရေလျှံ ဖြစ်ပွားခဲ့သည့်အတွက် သြဂတ်(စ်)လဆန်းပိုင်းမှ စတင်ကာ လူပေါင်း (၈) သောင်းကျော် ရေးဘေး ဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသည်ဟုလည်း ယူအန်အိုချာ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။


ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး ညှိနှိုင်း မှူး Martin Griffiths သြဂတ်(စ်)လ ဒုတိယအပတ်က မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်ရှိလာသည့် ခရီးစဉ် အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံးပြီး ရခိုင်ပြည်တွင် နိုင်ငံတကာ အကူ အညီပေးရေးအဖွဲ့များ ခရီးသွားလာခွင့်နှင့် အကူညီပေးရေး ကိစ္စများကို ခွင့်ပြုပေးဖို့ တောင်းဆို တိုက်တွန်း ခဲ့သည်။

 

သြဂတ်(စ်)လ အစပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်အတွက် ရခိုင်ပြည်က မြို့နယ် (၇) မြို့နယ်တွင် လယ်ဧက (၇) သောင်းကျော် ပျက်စီးခဲ့ရသည်ဟု ULA က သြဂုတ်လ ၁၄ နေ့ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

 

မိုခါ ဆိုင်ကလုန်မုန်တိုင်းကြောင်း ရခိုင်ပြည်မှာ လူပေါင်း ၁၄၈ ဦးသေဆုံးခဲ့ပြီး သာသနိက အဆောက်အဦးများ အပါဝင် လူနေအိမ်သိန်းနဲ့ချီပျက်စီးခဲ့သော်လည်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသခံများကို အကူအညီပေးနေ သည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်း အဖွဲ့အစည်းများသွားလာခွင့်ကို စစ်ကောင်စီက ဇွန်လ (၇) ရက်နေ့က ပိတ်ထားခဲ့သည်။


နိုင်ငံတကာ အကူညီပေးရေး အဖွဲ့များ သွားလာခွင့်ကို ပိတ်ထားခဲ့သည့်အပြင် စစ်ကောင်စီက ပေးသည့် အကူ အညီမှာလည်း အလွန်နည်းပါးသည့်အတွက် လေဘေးဒဏ်ခံခဲ့ရသည့် ဒေသခံများမှာ အခက်ခဲပေါင်းစုံနှင့် ယနေ့အချိန်အထိ ရင်ဆိုင်နေကြရကြောင်း လေဘေးသင့် ပြည်သူများက ပြောသည်။


ထို့အပြင် သဘာ၀ ဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လူပေါင်း ၁ ဒဿမ ၉ သန်းကျော်မှာ နေရပ်စွန့်ခွာနေရပြီး အကူအညီများ လိုအပ်နေကြောင်းလည်း ယူအန်အိုချာ ထုတ်ပြန်ချက် တွင် ရေးသား ဖော်ပြထားသည်။

ဆက်စပ် သတင်းများ