စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြောက်ဦးရှိ လက်ဆည်ကန်၌ ရှေးဟောင်းလှေဟုယူဆရသော လှေအပျက်တစ်စီးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k

နိရဥ္စရာ၊ ဇွန် ၃/ ၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ လက်ဆည်ကန်၌ ယမန်နေ့က ရှေးဟောင်းလှေဟုယူဆရသော လှေအပျက်တစ်စီးကို တွေ့ရှိခဲ့သည်ဟု သိရသည်။
အဆိုပါလှေသည် ယမန်နေ့ ဇွန်လ ၂ ရက် ညနေ ၅ နာရီခန့်တွင် လက်ဆည်ကန်၌ ကလေးများရေချိုးနေချိန် ရေအောက်မှ သစ်တုံးကဲ့သို့ပေါ်တက်လာပြီး ဆယ်ယူကြည့်ရာမှ လှေအပျက်တစ်စီးဖြစ်နေကြောင်း သိရသည်။
ယင်းလှေအပျက်ကို ရေချိုးနေသော ကလေးများက ဆွဲတင်ကြသော်လည်း ဆွဲတင်၍ မနိုင်သောကြောင့် စည်ပင်မှလူများကို ခေါ်ယူကာ ဆွဲတင်ခဲ့ကြရသည်ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် မြို့နယ်စည်ပင်အဖွဲ့မှ ကိုစိုးဝင်းချေက ပြောသည်။
"ဒီလှေက ပြိုင်လောင်းတော့ မဟုတ်ဘူးထင်တယ်။ ပြိုင်လောင်းဆိုရင်တော့ အဲ့လောက်မကြီးဘူး။ ရှေးရခိုင်တွေ အသုံးပြုခဲ့တဲ့ လှေတစ်စီးဖြစ်မယ်"ဟု ပြောသည်။
လှေအရွယ်အစားမှာ အလျား ၁၆ ပေခန့်၊ အနံ ၄ ပေခန့်ရှိပြီး ရေထဲတွင် နောက်ထပ် ၁၀ ပေခန့်ပျက်စီးပြီးကျန်ခဲ့ဦးမည်ဟု ဆက်ပြောသည်။
ယင်းလှေမှာ ထွင်းလှေအမျိုးအစားဖြစ်ပြီး လှေ၏ဘေးအနားသတ်တွင် အပေါက်များဖောက်ထားသည်ကိုတွေ့ရသည်ဟုလည်း ပြောသည်။
လှေကိုပြုလုပ်ထားသည့်သစ်အမျိုးအစားမှာ သင်္ဂနက်သစ်အမျိုးအစားဖြစ်ပြီး ရှေးရခိုင်များသည် လှေ၊ သင်္ဘောများပြုလုပ်ရာတွင် ရေ၌တာရှည်ခံသည့် သင်္ဂနက်သစ်အမျိုးအစားကို အသုံးပြုခဲ့ကြသည်ဟု သစ်အကြောင်းနားလည်သူများက လာရောက်ကြည့်ရှုစဉ်ပြောကြားသွားသည်ဟုလည်း ကိုစိုးဝင်းချေက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရှေးဟောင်းလှေဟုတ်/မဟုတ်ဆိုသည်ကို မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ခရီးလွန်နေ၍ သွားမကြည့်ဖြစ်သေးသည့်အတွက် မပြောနိုင်သေးဟု ပြောသည်။
ဆက်လက်၍ မြောက်ဦးမြို့ ရှေး/သုဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကိုဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးတက်နေ၍မအားသေးဟု ဆိုသည်။
လက်ရှိတွင် အဆိုပါလှေအပျက်ကို တွေ့ရှိသည့်နေရာတွင် ထားရှိပြီး အများသူငါ လာရောက်ကြည့်ရှုနေကြသည်ဟု သိရသည်။ (NN-12)
ဓာတ်ပုံ - Htet Aung Kyaw facebook

ဆက်စပ် သတင်းများ