တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဂွမြို့ သာကီလေးဝတီမင်္ဂလာစည်တော် ရိုးရာယဉ်ကျေးမှုအဖွဲ့ကို စတင်ဖွဲ့စည်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

နိရဥ္စရာ၊ မတ် ၄/၂၀၂၃

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ပထမဆုံးသော "ဂွမြို့ သာကီလေးဝတီမင်္ဂလာစည်တော် ရိုးရာယဉ်ကျေးမှုအဖွဲ့"ကို စတင် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါအဖွဲ့ဖြစ်မြောက်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်က အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ဂွမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေများကောက်ခံကာ မတ်လ ၂ ရက်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ထားသော ဂွချောင်းတံတားကို ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလကဖွင့်လှစ်ခဲ့ရာတွင် ရခိုင်မင်္ဂလာစည်တော်အဖွဲ့ကို အခြားမြို့နယ်များမှ ငှားခဲ့ရသဖြင့် မိမိတို့မြို့နယ်တွင်လည်း ယခုကဲ့သို့ အဖွဲ့တစ်ခု ရှိသင့်သည်ဆိုသည့်ဆန္ဒဖြင့် စတင်ဖွဲ့စည်းခဲ့ရခြင်း ဖြစ်ကြောင်း အဖွဲ့၏ဥက္ကဋ္ဌ ကိုထိန်လင်းနိုင်က နိရဥ္စရာသို့ ပြောသည်။

"ဒီဘက်တွေမှာကလည်း များသောအားဖြင့် ရခိုင်ရိုးရာယဉ်ကျေးမှုတွေက ပပျောက်နေသလို ဖြစ်နေတယ်လေ။ ရိုးရာယဉ်ကျေးမှုတွေကိုလည်း ဒီဘက်ကလူတွေ မမြင်ဖူးသလိုဖြစ်နေတယ်။ အဲဒါကြောင့် မင်္ဂလာစည်တော်အဖွဲ့ရော၊ ရိုးရာယဉ်ကျေးမှုအကအဖွဲ့ကိုပါတွဲပြီး ဘုရားရေသပ္ပာယ်ပွဲတို့၊ နံ့သာသွေးပြိုင်ပွဲတို့၊ ဘုရားဆီမီးပွဲတွေမှာ ကျနော်တို့ ရိုးရာတွေကို ဖော်ထုတ်ကြမယ်။ ကျနော်တို့ အလှူမင်္ဂလာပွဲတိုင်းမှာ ကျနော်တို့စည်တွေကို ဘယ်လို အသုံးပြုရလဲဆိုတာတွေကို ဖော်ထုတ်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့လုပ်ဖြစ်တာပါ" ဟုပြောသည်။

အဆိုပါအဖွဲ့ကို ဂွမြို့မှ စိတ်ပါဝင်စားသည့် လူလတ်၊ လူငယ်ပိုင်း အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။

ဂွမြို့တွင် ယခုကဲ့သို့ ကိုယ့်ရခိုင်ရိုးရာကိုဖော်ထုတ်မည့် ရခိုင်ရိုးရာမင်္ဂလာစည်တော်အဖွဲ့နှင့်အတူ ရိုးရာယဉ်ကျေးမှုအဖွဲ့ ပေါ်ပေါက်လာသည်ကို ဝမ်းသာမိကြောင်း ဂွမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့တွင်တီးခတ်ရန် မင်္ဂလာစည်တော်များကို မြောက်ဦးမြို့ရှိ စည်ဆရာကြီး ဦးဦးသာအေးထံမှ မှာယူထားခြင်းဖြစ်ပြီး အသင်းခေါင်းဆောင်များကိုယ်တိုင် သေချာသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင်တီးခတ်မည့်မင်္ဂလာစည်တော်များကိုလည်း ဂွမြို့ရှိ ညောင်ဝိုင်းဘုန်းတော်ကြီးတွင် ထိန်းသိမ်းထားရှိသွားမည်ဟု ဆိုသည်။

ယခုအခါတွင် အဆိုပါအဖွဲ့ကို ဂွမြို့တွင် ကျင်းပမည့် ရှင်ပြုပွဲနှင့်ထီးတင်ပွဲတွင် တီးခတ်ပေးရန် ဖိတ်ခေါ်ခံထားရပြီဖြစ်ပြီး အဖွဲ့ကို ဆက်လက်၍လည်း တိုးတက်တည်တံ့အောင် လုပ်ဆောင်သွားမည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ရခိုင်တွင် မြို့နယ်တိုင်းလိုလို၌ ရခိုင်ရိုးရာမင်္ဂလာစည်တော်အဖွဲ့များရှိပြီး အလှူမင်္ဂလာပွဲများ၊ ရှင်ပြုပွဲများ၊ ရခိုင်ရိုးရာသမက်တက်ပွဲများနှင့် ရိုးရာယဉ်ကျေးမှုနှင့်သက်ဆိုင်သည့်ပွဲများတွင် ရခိုင်ရိုးရာအစဉ်အလာမပျက် တီးခတ်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (NN-8)
 ဓာတ်ပုံ- Ko Gyi Kyaw

ဆက်စပ် သတင်းများ