တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့ AFP အင်အားပြမဲဆွယ်စည်းရုံးပွဲ လူပေါင်းသုံးထောင်ကျော်ပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၂၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) က အင်အားပြ မဲဆွယ်စည်းရုံးကို ယမန်နေ့က ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ သုံးထောင်ကျော် ပါဝင်ခဲ့သည်ဟု ကျောက်ဖြူမြို့  စည်းရုံးရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်စောသိန်းက ပြောသည်။

 “ကျွန်တော်တို့ ကျောက်ဖြူမြို့အပါအဝင် နယ်ဘက်ဖြစ်တဲ့ ဂုံးချိန်ရွာကိုလည်း သွားခဲ့ကြပါတယ်။ ကားတွေ ဆိုင်ကယ်တွေပါတယ်။ တီရှပ်တွေလည်း ကျွန်တော်တို့ ဖြန့်ပေးခဲ့ပါတယ်။ ကျွန်တော်တို့မှာက ခန့်မှန်း ထားတာထက် လူကများသွားတယ်။ မှန်းထားတာက လူ တစ်ရာ၊ နှစ်ရာလောက်ပေါ့။ လုပ်တော့လည်း အဲဒါထက် ပိုများသွားတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အင်အားပြမဲဆွယ်စည်းရုံးရေးကို ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က ကျောက်ဖြူမြို့ရှိ၊ အရှေ့ပိုင်းရပ်ကွက်မှ စတင်ခဲ့ပြီး လမ်းမကြီးများ၊ ရပ်ကွက်များတွင် စီတန်းကာ ဆိုင်းဘုတ်များ၊ ပိုစတာများကို ကိုင်ဆောင်၍ ဆိုင်ကယ်နှင့် မော်တော်ကားအချို့တို့ဖြင့် ယမန်နေ့နံနက် ၁၁ နာရီခန့်အထိ လှည့်လည်ပြုလုပ်ခဲ့ကြောင်း၎င်းက ပြောကြားသည်။

ယနေ့ နံနက်ပိုင်းက AFP ပါတီအား ဝန်းရံခဲ့သူ ဦးစောလှဖြူက “ဒီနေ့ ကျွန်တော်တို့က ရခိုင့်ဦးဆောင်ပါတီကို အားပေးချင်လို့ ဝန်းရံကူညီပေးခဲ့ပါတယ်။ ရခိုင့်ဦးဆောင်ပါတီကို ထောက်ခံတဲ့သူတွေကို ထောင်နဲ့ ချီလို့ လာပြီး အားပေးကြတဲ့အတွက်ကြောင့် ဝမ်းသာပါတယ်။ ကျွန်တော်တို့က ရခိုင့်ဦးဆောင်ပါတီကို နှစ်သက်တယ်။ ရခိုင်ပြည်ရဲ့ တစ်ခန်းတစ်နေရာကနေ မားမားမတ်မတ်ရပ်တည်နိုင်မယ်လို့ ယုံကြည်လို့ ကျွန်တော်တို့ ဝန်းရံခဲ့ခြင်း ဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်ဦးဆောင်ပါတီသည် ရခိုင်ပြည်နယ်လွှတ်တော်တွင် ၂၅ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာနှင့် ပြည်သူ့လွှတ်တော်တွင် ၁၁ နေရာ စုစုပေါင်း နေရာ ၄၂ နေရာတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ရခိုင်ပြည်နယ်မှ မြို့နယ် ၉ ခုနှင့် မြို့နယ်အချို့မှ ကျေးရွာအုပ်စုအချို့တွင် ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စု ၁၃၇ စုတွင် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့သည်။

ရခိုင်ပြည်နယ်မှ  မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့နှင့် ကျောက်ဖြူမြို့နယ်မှ ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စုနှင့် (၄) အုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် (၁ဝ) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂) အုပ်စုတို့ တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကျေညာသည်။

ရခိုင်ပြည်နယ်အတွင်း တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပခွင့်ရသည့် မြို့နယ် ၄ ခုရှိပြီး ၄င်းတို့မှာ မာန်အောင်၊ ရမ်းဗြဲ၊ သံတွဲနှင့် ဂွမြို့နယ်တို့ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်

ဆက်စပ် သတင်းများ