သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်းပြား ရှင်ပြုအလှူပွဲ၌ အမျိုးသားရေးသီချင်းများမဖွင့်ရန် စစ်တပ်ကတားဆီးခြင်းမှာ လူ့အခွင့်အရေးကိုပိတ်ပင်ခြင်းဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၅ / ၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် ရှင်ပြုအလှူပွဲ၌ အမျိုးသားရေးသီချင်းများမဖွင့်ရန် စစ်တပ်က တားဆီးခြင်းမှာ လူ့အခွင့်အရေးကို တားဆီးပိတ်ပင်ခြင်းဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ဒါရိုက်တာ ဦးမြတ်ထွန်းက နိရ ဉ္စရာကိုပြောသည်။
“ဒါက လူ့အခွင့်အရေးချိုးဖောက်တာပဲလေ။ ရခိုင်မှာလည်း အမျိုးသားရေးသီချင်းရှိတယ်။ ဗမာမှာလည်း အမျိုးသားရေးသီချင်းတွေရှိတယ်။ နဂါးနီတို့လိုအမျိုးသားရေးသီချင်းတွေကို ဗမာတွေလည်း ဖွင့်ကြတာပဲလေ။ ဒါကို ရခိုင်အမျိုးသားရေးသီချင်းတွေမဖွင့်ရဘူးဆိုတာကတော့ သက်သက်လူ့အခွင့်အရေးကိုချိုးဖောက်တာပေါ့”ဟု ပြောသည်။
ပန်းမြောင်းကျေးရွာတွင် ယမန်နေ့ မတ်လ ၂၄ ရက် ညနေပိုင်းက ရှင်ပြုအလှူပွဲ၌ ဆောင်းဘောက်ဖြင့် အမျိုးသားရေးသီချင်းများကိုဖွင့်ထားရာ ယင်းသို့မဖွင့်ကြရန် ပန်းမြောင်းရွာရှိ အောင်မင်္ဂလာတောင်ပေါ်တွင်အခြေချထားသည့် တပ်စခန်းမှ ဗျူးဟာမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ဖုန်းဖြင့်တားမြစ်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ တားမြစ်မှုမှာ လူ့အခွင့်အရေးကိုပိတ်ပင်သည်နှင့်တူသည်ဟုလည်း ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က နိရ ဉ္စရာကို ပြောသည်။
“ရှင်ပြုပွဲဆိုတာက အလှူပွဲလုပ်တာလေ။ ဘယ်သီချင်းအမျိုးစားမဆို ဖွင့်ကြတာပါပဲ။ အလှူပွဲမဟုတ်ဘဲ တခြားနေရာမှာ ပွဲလုပ်ပြီး ဖွင့်ရင် နည်းနည်းတော်သေးတယ်။ ဒါက လူ့အခွင့်ရေးကို ပိတ်ပင်တာနဲ့တူတယ်”ဟု ပြောသည်။
ယခုကဲ့သို့ တားဆီးခြင်းမှာ ဟုတ်မှန်ပြီး အမျိုးသားရေးသီချင်းများဖွင့်မှုကို မပိတ်ပင်သင့်ဟုလည်း ပန်းမြောင်းကျေးရွာအုပ်မှူး ဦးတင်အောင်ကျော်က နိရ ဉ္စရာကို ပြောသည်။
“ရှင်ပြုပွဲ လုပ်မလို့ ဆောင်းဘောက်စမ်းတာ။ အဲ့မှာ ဗျူဟာက ကျနော့်ကို မဖွင့်နဲ့လို့ပြောခိုင်းတယ်။ အမှန်မှာတော့ ဒီလိုသီချင်းတွေက ဖွင့်သင့်ပါတယ်။ ဒီသီချင်းတွေက အမြဲဖွင့်နေကြတာပဲ မဟုတ်လား။ ဒီလိုဖွင့်တာကိုတော့ ပိတ်ပင်သင့်တယ်လို့ မထင်ပါဘူး”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့သည့်အတွက် တပ်ဘက်ကသဘောထားကို တင်ပြနိုင်ခြင်းမရှိပါ။
အမျိုးသားရေးတေးသီချင်းများမဖွင့်ကြရန် တားမြစ်ခဲ့သည့် စစ်တပ်မှာ ပန်းမြောင်းကျေးရွာရှိ အောင်မင်္ဂလာတောင်ပေါ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ ယနေ့အချိန်အထိ တပ်စွဲနေထိုင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ