သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် ဆားပြင်ရွာသားအချို့ကိုလိုက်ရှာခဲ့သည့် စစ်ကြောင်းရွာကနေ ပြန်ထွက်သွားပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k

နိရဉ္စရာ၊ မေ ၈ / ၂၀၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်အုပ်စု ဆားပြင်ကျေးရွာမှာ ရွာသားတချို့ကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့် ဆက်စပ်မှု ရှိသည်ဟုဆိုကာ လိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့နံနက် ၈ နာရီခန့်က ရွာကနေ ထွက်ခွာသွားပြီဟု သတင်းရရှိသည်။
စစ်သားအင်အား ၅၀ ကျော်ပါဝင်သော ၎င်းစစ်ကြောင်းသည် မေ ၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ရွာထဲကိုဝင်ရောက်ခဲ့ကာ ရွာသားအချို့ကို လိုက်လံ ရှာဖွေမှုများရှိခဲ့ပြီးနောက် ယနေ့နံနက်က ရွာကနေ ထွက်ခွာသွားခဲ့သည်ဟု ရွာသားများက ပြောကြားသည်။
ရွာအတွင်း စစ်ဆေးခဲ့ရာတွင် စစ်ကောင်စီ တပ်သားများသည် ကျေးရွာ အတွင်းရှိ ULA/AA ဆက်စပ်သူများဟု သံသယ ရှိနေသူများ၏ နေအိမ်များကို လိုက်လံရှာဖွေခဲ့ကြောင်း၊ ၎င်းတို့၏ နေအိမ်များအား ဓာတ်ပုံ ရိုက်ယူသွားခဲ့ကြောင်း ဆားပြင်ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။
" လက်နက်အပြည့်အစုံနဲ့ စစ်ကားနှစ်စီးနဲ့လာကြတာ။ သူတို့က မနေ့ညနေက ရောက်နေကြတာ။ ဒီမှာ စစ်ဆေးတာပေါ့။ ULA/AA နဲ့ ဆက်စပ်သူတွေရဲ့ အိမ်တွေကို စုံစမ်းစစ်ဆေးဖို့လာလို့ သိရတယ်။ လူတွေမရှိတော့ အိမ်တွေကို ဓာတ်ပုံရိုက်ယူသွားခဲ့တယ်။ ဒီလိုမျိုးငြိမ်းချမ်းနေတဲ့အချိန်မှာ စစ်သားတွေ အခုလိုလာရောက်စစ်ဆေးတော့ ပြည်သူတစ်ယောက်အနေနဲ့ရော၊ ရွာသား တစ်ယောက် အနေနဲ့ပါ စိုးရိမ်မှုတွေရှိပါတယ် " ဟု ပြောသည်။
ယခုကဲ့သို့ စစ်ဆေးမှုများကြောင့် ရွာသားအချို့လည်း ယနေ့ အချိန်ထိ ထွက်ပြေးတိမ်းရှောင် နေကြသည်ဟု ၎င်းကပြောကြားသည်။
လက်ရှိတည်ငြိမ်အေးချမ်းနေသည့် ရခိုင်တွင် ယခုကဲ့သို့ လက်နက် အင်အားသုံး၍ စစ်ဆေး မေးမြန်းနေသည့် ရပ်လုပ်များကို ရပ်တန့်သင့်ကြောင်း ကျောက်ဖြူမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ထောက်ပြသည်။
"AA အဖွဲ့ သံသယနဲ့ စစ်ဆေးမေးမြန်းနေတာဟာ တည်ငြိမ်နေတဲ့ ဒေသ တစ်ခုကို မတည်ငြိမ်အောင် သက်သက် လုပ်ဆောင်နေတယ်လို့ စိတ်ထဲမှာခံစားမိပါတယ်။ မတည်ငြိမ်အောင်လုပ်ရင် မတည်ငြိမ်မှု ဖြစ်လာမယ်။ တည်ငြိမ်အောင်လုပ်ရင် တည်ငြိမ်မယ်။ လက်နက်အားကိုးပြီးတော့ ဟိုလူကို မေး၊ ဒေလူကိုမေး၊ ဟိုသွား ဒီကိုလာ စစ်ဆေးလိုက်နဲ့ နောက်ထပ် အကျိုးဆက်တွေ အများကြီး ဖြစ်လာ နိုင်တယ်။ ကျနော်တို့အနေနဲ့ ဒီကိစ္စတွေကို လုံးဝမဖြစ်စေချင်ဘူး။ မလုပ်စေချင်ဘူး။ စစ်ဆေးနေတဲ့ အဖွဲ့တွေကိုလည်း ရပ်တန့်သင့်တယ်လို့ မြင်ပါတယ်" ဟု ပြောသည်။
စစ်တပ်ကားနှစ်စီးဖြင့် လာရောက်သော စစ်သားများသည် ကျေးရွာ၏ အုပ်ချုပ်ရေးမှူးရုံးနှင့် စာကြည့်တိုက်တွင် စခန်းချနေထိုင်ခဲ့သည်ဟု သိသည်။
အဆိုပါ ဆားပြင်ကျေးရွာသည် အိမ်ခြေ ၁၀၀၀ ကျော်ခန့်ရှိပြီး လူဦးရေ ၄၀၀၀ နီးပါးခန့်ရှိကြောင်း သိရသည်။ (NN-5)

ဆက်စပ် သတင်းများ