တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကြောင့်ပြောင်းရွှေ့ရမည့် ကျေးရွာ နှစ်ရွာမှ ရွာသားများ သတင်းစာရှင်းလင်းပွဲပြုလုပ်၊ နစ်နာကြေးငွေ တစ်အိမ်ထောင် ကျပ်ငွေသိန်း (၁၀၀) မရလျှင် ပြောင်းရွှေ့မည်မဟုတ်ဟု ရွာသားများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 4k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၇ / ၂၀၂၁

 

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် တည်ဆောက်နေသည့် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမည့် ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာမှ ရပ်လူကြီးများသည် ဖေဖော်ဝါရီ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခုကို ၎င်းတို့ နေထိုင်ရာ ရေကောက်ကျေးရွာတွင် ပြုလုပ်ခဲ့ကြသည်။

 

၎င်းသတင်းစာရှင်းလင်းပွဲတွင် ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာတို့အား သူဌေးချောင်းစီမံကိန်း ဧရိယာအတွင်း ပါဝင်နေသဖြင့် ယခုနှစ် မိုးမကျမီ ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း၊ ၎င်းတို့မှာ ပြောင်းရွှေ့ရပါက နစ်နာကြေး အတွက် လျော်ကြေးလိုကြောင်း၊ တစ်အိမ်ထောင် ကျပ် ၁၀၀ သိန်း လျော်ကြေးငွေ ပေးရန်လိုအပ်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည့် ကျေးရွာလူကြီးများက ပြောကြားသည်။

 

ရေကောက်ကျေးရွာမှ ဦးအောင်ကြီးက ကျနော်တို့ မိသားစုရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဘယ်မှာလဲကျနော်တို့ လုပ်စားဖို့မြေ။ ဘယ်မှာလဲ ကျနော်တို့ ရင်းနှီးစားသောက်ဖို့ငွေ။ ကျနော်တို့ ဒေသမှာ ၁၀၀ မှာ ၉၀ %က လက်လုပ်လက်စားတွေ။ ကျနော်တို့ နေရာရဲ့ အဓိကစီးပွားရေးက ဘာလဲဆိုတော့ ကိုင်းသမား၊ လယ်သမားက ၄၀ % လောက်ရှိတယ်။ ရွှေ့ပြောင်းတောင်ယာ စနစ်လုပ်စားနေတဲ့သူတွေက ၆၀ %လောက်ရှိတယ်။ ဒီပုဂ္ဂိုလ်တွေက အဲဒီကို ရောက်သွားလို့ရှိရင် ဟိုအလုပ်လည်း နေရာမကျ။ ဒီလည်း နေရာမကျ။ လက်ထဲမှာကလည်း ရင်းနှီးစားသောက်ဖို့အတွက် ပိုက်ဆံပါမသွားဘူး။ လုပ်စားဖို့ကလည်း ကျနော်တို့မှာ မြေမရှိဘူးဆိုရင် ကျနော်တို့ ဒေသခံတွေဟာ အဲဒီနေရာမှာ အများကြီး ဒုက္ခရောက်သွားနိုင်တယ်။  အဲဒါကြောင့် နစ်နာကြေး ငွေတောင်းခံရတာ ဖြစ်ပါတယ်။ တကယ်လို့ လျော်ကြေး မရရင် အဲဒီနေရာကို မပြောင်းဘဲနဲ့ ကျနော်တို့ ဒီနေရာမှာ ဒီအတိုင်းနေသွားမှာပါ ဟုပြောသည်။

 

ေကောက်ကျေးရွာတွင် အိမ်ခြေ ၃၀၈ နှင့် ပုရစ်ကျေးရွာတွင် အိမ်ခြေ ၁၅၃ ရှိပြီး လူဦးရေ ၂၀၀၀ ကျော်ခန့် ရှိကြောင်း၊ အိမ်ထောင်စုတစ်စုစီအား ငွေကျပ် သိန်း (၁၀၀) စီ နစ်နာကြေးအဖြစ် ကူညီထောက်ပံ့ပေးမှသာလျှင် ရွှေ့ပြောင်းနိုင်မည်ဟု  ကျေးရွာသားများက ပြောသည်။

 

ကျွန်တော်တို့ အနေနဲ့ သိန်း (၁၀၀)မရရင် ဒီလက်ရှိ နေထိုင်တဲ့ နေရာမှ ဖယ်ရှားမပေးနိုင်ကြောင်းကို  လက်ရှိအာဏာထိန်းသိမ်းထားတဲ့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့လည်း အသနားခံစာ ရေးပြီး တင်ပြပေးသွားဖို့ စီစဉ်နေပါတယ်။ အကူအညီ အထောက်အပံ့ မရရင် ရွာသားတွေ ဘ၀ အခက်အခဲ အများကြီးနဲ့ ကြုံရနိုင်တာမို့ ခုလို နိုင်ငံတော် အစိုးရဆီက တောင်းခံရတာ ဖြစ်ပါတယ်ဟု ဦးအောင်ကြီက ဆက်လက်ပြောကြားသည်။

 

ပုရစ်ကျေးရွာမှ ရပ်မိ၊ ရပ်ဖတစ်ဦးဖြစ်သူ ဦးခင်မောင်ကလည်း မိသားစုဘဝရပ်တည်ရေးအတွက် သိန်း (၁၀၀) ကိုတောင်းခံရခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ မပေးလျှင် လုံးဝမပြောင်းရွှေ့နိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

သူတို့က်က မပေးနိုင်ဘူးဆိုရင်တော့ ကျနော်တို့ကတော့ ဒီနေရာက မပြောင်းဘဲနေရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဟိုနေရာကိုရောက်ရင် စားဖို့လိုတယ်လေ။ ကျနော်တို့မှာ ဒီနေ့ပြောင်းသွားရင် ဒီနေ့စားစရာမရှိတော့ဘူး။ ကျနော်တို့ကတော့ သိန်း ၁၀၀ မရရင် မပြောင်းနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့  ကျနော်တို့မှာ ဘဝရပ်တည်မှုတစ်ခုကို စတင် တည်ထောင်ဖို့ လိုတယ်။ အကူအညီ အထောက်အပံ့မရရင် ကျနော်တို့ ဒီနေရာက ပြောင်းသွားလို့ ဟိုနေရာကို ရောက်လို့ ထမင်းငတ်နေရင် ဘာလုပ်မှာလဲ ဟုပြောသည်။

 

ရေကောက်ကျေးရွာမှ မမိုးမိုးဦးကလည်း ယခုမိမိတို့လက်ရှိနေထိုင်သော ကျေးရွာမှ ရွှေ့ပြောင်း ပေးရမည်ဆိုလျှင် လုပ်စားစရာ မြေမရှိသည့်အတွက် ဒုက္ခရောက်သွားနိုင်သဖြင့် ရှေ့ရေးကို တွေးပြီး ကြောင့်ကြစိုးရိမ်မိကြောင်း ပြောကြားသည်။

 

ကျမတို့တောင်းထားတဲ့ သိန်း ၁၀၀ ကိုပေးရင်တော့ ပြောင်းမှာပါ။ မပေးရင်တော့ ကျမတို့ မပြောင်းနိုင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျမတို့ ဒေသခံတွေ ဒုက္ခရောက်သွားနိုင်တယ်။ ကျမတို့မှာ ငွေလည်းမရှိ။ လုပ်စားစရာ မြေလည်းမရှိဆိုတော့ ကျမတို့  ဟိုကိုရောက်ရင် ဒုက္ခတွေ ရောက်နိုင်ပါတယ်။ ဒီအတွက် ကျမတို့ ရှေ့ရေးကို အထူးစိုးရိမ်ပူပန်နေရပါတယ် ဟုပြောသည်။

 

ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီဝင် ဦးညီလေးက ယခုရွှေ့ပြောင်း ရမည့်သူများမှာ ထိုက်တန်သော လျော်ကြေး၊ နစ်နာကြေးတွေမရဘဲ ရွှေ့ပြောင်း ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း  ပြောကြားသည်။

 

 ဒီဒေသမှ ပြောင်းရွှေ့ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အခက်အခဲဖြစ်နေတာတွေ အများကြီးရှိတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို မပေးဘဲနဲ့ အမိန့်အာဏာတွေကို အသုံးချပြီးတော့ ဒီနေရာက နေပြီး ပြည်သူတစ်ရပ်လုံးကို ဖယ်ရှားဖို့ ကြိုးစားနေတာကို ကျနော်တို့ တွေ့နေရတယ်။  သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ရှိ/ မရှိ ဥပဒေအရ ကျနော်တို့ စုံစမ်း စစ်ဆေးရေးတွေ လုပ်တဲ့အခါမှာ ဒီဒေသမှာရှိတဲ့ ပြည်သူတွေက သူတို့မှာ အလုပ်အကိုင် အခွင့်အလမ်းရှိတယ်။ ရွှေ့ပြောင်းတောင်ယာတွေ လုပ်စားနေလို့ရတယ်။ ပြောင်းရွှေ့သွားရမယ့် နေရာတွေမှာဆိုရင်လည်းဘာမှ မရှိဘူး။ သူတို့အတွက် ထိုက်သင့်တဲ့ လျော်ကြေး၊ နစ်နာကြေးတွေ၊ မရဘဲနဲ့ ပြောင်းရွှေ့ရဖို့ဖြစ်နေတယ် ဟုပြောသည်။

 

ယခုနှစ် မိုးရာသီတွင် ရေအားလျှပ်စစ်စီမံကိန်အတွက် ရေစတင်သိုလှောင်မည် ဖြစ်ရာ ၄င်းကျေးရွာ နှစ်ရွာမှာ ရေလွှမ်းမိုးမှုခံရမှုဖြစ်သည့်အတွက် ရေကောက်ရွာနှင့် ၁၅ မိုင်ခန့်အကွာ သံတွဲနှင့် တောင်ကုတ် ကားလမ်းဘေးနားတွင် ၎င်းရွာသားများကို နေရာချထားရန် သက်ဆိုင်ရာမှ စီစဉ်နေကြောင်း ကျေးရွာသားများက ပြောသည်။  

 

ပြောင်းရွှေ့ပေးရမည့်ဒေသခံကျေးရွာသားများအတွက် အိမ်ယာတန်ဖိုးအလိုက် သိန်း ၃၀ ကနေ ကျပ် ၁၈၀ အထိ လျော်ကြေးပေးမည်ဖြစ်ကြောင်း သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်း လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်အေးကပြောသည်။

 

သူတို့ပြောင်းရွှေ့ရမယ် နေရာမှာ ရွာနေရာတွေပြင်ထားတာ အားလုံး ၈၀ ရာခိုင်နှုန်းလောက်အထိ ပြီးစီးသွားပြီ။ လျှပ်စစ်မီးများလည်း သွယ်ထားပြီးပြီ။ ရေလောင်ကန်တွေလည်း ပြီးသွားပြီ။ ရေလည်းရောက်နေပြီ။ လမ်းတွေလည်း ဒီနှစ်မှာ ကျောက်ခင်းလမ်းပေးမယ်။ အိမ်ယာ လျော်ကြေးလည်း ကျနော်တို့ ပေးဖို့ရှိတယ်။ အိမ်ယာလျော်ကြေးကတော့ သိန်း ၃၀ လောက်ကနေ ၁၈၀ လောက်အထိ ရကြမှာဖြစ်ပါတယ်။ အိမ်ကြီးရင် ကြီးသလို့ ငယ်ရင်ငယ်သလိုရကြမှာ။ အဲဒီဟာကို ကျနော်တို့  သုံးကြိမ်ပေးသွားပါမယ် ဟုပြောသည်။

 

ဒေသခံများအား အိမ်လျော်ကြေးများကို ပေးသွားမည်ဖြစ်သော်လည်း သူတို့တောင်းဆိုနေကြသော ဆုံးရှုံးသွားသော လယ်မြေနစ်နာကြေးနှင့် အလုပ်အကိုင်အတွက် ငွေကျပ် သိန်းတစ်ရာ ထောက်ပံ့ပေးရန် အစီအစဉ်မရှိကြောင်းလည်း ဦးကျော်အေးက ဆက်လက်ပြောကြားခဲ့သည်။

 

ဒီသိန်းတစ်ရာ ကိစ္စကလည်း သူတို့တောင်းတာ နှစ်ကြိမ်ရှိပြီး။ အဲဒီတုန်းကလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကနေပြီးတော့ မပေးဘူးဆိုပြီးတော့ စာတစ်စောင်ထုတ်ခဲ့တယ်။ အခုလည်း တစ်ကြိမ်တောင်းတယ်။ အဲဒါကိုလည်း ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြတယ်။ အဲဒါကိုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ က နေပြီးတော့ ဇန်နဝါရီလ ၇ ရက် အစည်းအဝေးမှာ ခွင့်မပြုဆိုပြီးတော့ စာတစ်စောင်ထပ်ထွက်ခဲ့တယ်။ အစိုးရအဖွဲ့က မပေးဘူးဆိုတော့ ကျနော်တို့ကလည်း ထပ်ပေးလို့မရဘူး။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကပေးဆိုရင်တော့ ကျနော်တို့က ဝန်ကြီးဌာနကို ထပ်ပြီးတော့ တင်ပြရမှာ ဟုပြောသည်။

 

ဒေသခံကျေးရွာသားများ၏ လယ်၊ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခံမြေ နစ်နာချက်များအတွက်လည်း ၂၀၁၆ ခုနှစ်ကတည်းက လျော်ကြေးပေးထားပြီးပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

 

၂၀၁၆ လောက်ကတည်းက အဲမှာရှိတဲ့ လယ်၊ ယာ၊ ကိုင်းကျွန်းတွေ ဥယျာဉ်ခြံမြေတွေ၊ နှစ်ရှည်ခံ သီးပင်စားပင်တွေအတွက်လည်း အားလုံးကို ကျနော်တို့ ပေးပြီးပြီ။ အဲဒီတုန်းကဆိုလိုရှိရင်  လယ်တစ်ဧကကို ၁၀ သိန်း၊ ကိုင်းကဆိုရင် ၃ သိန်းတို့၊ ၂ သိန်းတို့ အဲလို ကိုယ့်အမျိုးအစားနဲ့ ကိုပေးခဲ့တယ်။ အပင်တစ်ပင်ဆိုရင်လည်း အပင်အမျိုးအစားအလိုက် ပေးခဲ့တယ် ဟုပြောသည်။

 

သူဌေးရေအားလျှပ်စစ်စီမံကိန်းကို ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ