တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်သမိုင်းသုတေသီ စာရေးဆရာ ဆရာတော် (ဒွါရာဝတီ အသျှင်ကုသလ)၊ငွေသဇင် (သံတွဲ) ပျံလွန်တော်မူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ မတ် ၇ / ၂၀၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အောင်မြေသာစည်ပရိယတ္တိစာသင်တိုက်တွင် သီတင်သုံး နေထိုင်တော်မူလျက်ရှိသော ရခိုင်သမိုင်းသုတေတီ၊ ကဗျာဆရာ ၊ စာရေးဆရာတော် ဒွါရာဝတီ အသျှင်ကုသလ၊ ငွေသဇင် (သံတွဲ) သည် ယနေ့ နံနက် ၁၁ နာရီ၊ ၁၀ မိနစ် အချိန်က ပျံလွန်တော်မူသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
စာရေးဆရာ ဇော်မင်ထွန်း (သံတွဲ) က “ဆရာတော်မှာ အရင်က ကျောက်ကပ်ပျက်စီးသွားလို့ ကျောက်ကပ် အစားထိုးထားတယ်။ နောက် နှစ်ပေါင်း လေး၊ ငါးနှစ်လောက် ကြာတဲ့အခါ အဆုတ်မကောင်းဖြစ်သွာတယ်။ ဆရာဝန်တွေပြောတာကတော့ အဆုတ်ကင်ဆာဆိုလား၊ ဘာဆိုလာ။ ကျနော်တို့ကတော့ တိတိကျကျ ပြောဖို့ခက်တယ်။ ဒီရောဂါနဲ့ဘဲ ပျံလွန်တော်မူသွားတာပါ ” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
ယခု ဆရာတော် ပျံလွန်တော်မူချိန်တွင် သက်တော် ၆၀၊ သိက္ခာတော် ၄၀ ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ဝါရင့်စာရေးဆရာဗဂျီးကျော်က “ ဆရာတော်ပျံလွန်တော်မူသွားတာ ရခိုင်စာပေလောက အတွက်သာမက ရခိုင်တစ်မျိုးသားလုံးအတွက် ဆုံးရှုံးမှုပါ။ ဆရာတော်ဟာ ရခိုင်သမိုင်း၊ ယဉ်ကျေးမှုတွေကို ဖော်ထုတ်ရေးသားနေတဲ့ ဆရာတော်ကြီး တစ်ပါးဖြစ်ပါတယ်။ နောက်လည်း ဆရာတော်က စာအုပ်တွေ ဆက်ထုတ်မဲ့စာအုပ်တွေ အများအပြားရှိပါတယ်။ ခုလို အခြေအနေမှာ ဆရာတော်ပျံလွန်တော်မူသွားတာ အရမ်းကို နှမြောစရာကောင်းပါတယ်” ဟု ပြောသည်။
ဆရာတော်ပျံလွန်တော်မူသွားသည့်အတွက် ရခိုင်စာပေလောက အတွက် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ရပ်အဖြစ် ရှုမြင်ပြီး ရခိုင် စာရေးဆရာများနှင့် စာပေဝါသနာရှင်များက ဝမ်းနည်းပူဆွေးလျက်ရှိကြောင်း သူတို့၏ လူမှုစာမျက်နှာတွင် ရေးသားဖော်ပြထားသည်များကို တွေ့ရှိရသည်။

ဆက်စပ် သတင်းများ