တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

AA သံသယဖြင့် စွဲချက်တင်ခံထားရသည့် ဦးအောင်ဝင်းနိုင်၏ ပို့ကုန်သွင်းကုန်အမှုတွင် အမှုစစ်ရောက်မလာ၍ မစစ်ဆေးခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.4k

မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ စွဲချက်တင်ခံထားရသည့် ဦးအောင်ဝင်းနိုင်၏ ပို့ကုန်သွင်းကုန်အမှုတွင် အမှုစစ်ရောက်မလာ၍ မစစ်ဆေးခဲ့ရဟု သိရသည်။
ဦးအောင်ဝင်းနိုင်အား ယနေ့ ဖေဖော်ဝါရီလ ၈ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ရုံးထုတ်စဉ် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုတွင် အမှုစစ်မရောက်၍ မစစ်ဆေးခဲ့ရဘဲ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)အမှုတွင် ခံပြသက်သေ ၂ ဦးအား စစ်ဆေးခဲ့ရသည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်ကြည်နိုင်က နိရဥ္စရာသို့ပြောသည်။
"တရားခံပြသက်သေ ၂ ယောက်စစ်ပါတယ်။ နောက် ၁၅ ရက်နေ့ရုံးချိန်းမှာလည်း တရားခံပြသက်သေ ၂ ယောက်ကျန်ပါသေးတယ်။ ပို့သွင်းမှာတော့ ဒီနေ့ အမှုစစ်မလာလို့ မစစ်လိုက်ရဘူး။ နောက်ရုံးချိန်းမှာတော့ စစ်မှာပါ"ဟုပြောသည်။
တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် တောင်ကုတ်မြို့မရဲစခန်းမှ ရဲအုပ်ကျော်ဇေယျာဝင်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။
ဦးအောင်ဝင်းနိုင်ကိုစတင်ဖမ်းဆီးစဉ်က စီးသည့်ကားမှာ လိုင်စင်မဲ့၍ ယခုကဲ့သို့ စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ဦးအောင်ဝင်းသည် AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့်လည်း စွဲချက်တင်ခံထားရသည်။
အဆိုပါအမှုများနှင့်ပတ်သက်ပြီး လာမည့်ဖေဖော်ဝါရီလ ၁၅ ရက်ကို ရုံးချိန်းချိန်းဆိုထားပြီး ယင်းနေ့တွင် တရားခံပြသက်သေ ၂ ဦးနှင့် ပို့ကုန်သွင်းကုန်အမှုမှ အမှုစစ်အား စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးအောင်ဝင်းနိုင်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့်နှစ်၊ ဇွန်လ ၅ ရက် နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။
သူသည် ရက္ခိုင့်တပ်တော်(AA)သို့ သစ်အခွန်ခငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် စတင် တရားစွဲဆိုခံလိုက်ရပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်တွင် ပုဒ်မ ၁၇(၁)ဖြင့် စွဲချက်အမိန့်ချမှတ်ခံခဲ့ရသည်။
သူနှင့်အတူဖမ်းဆီးခံခဲ့ရသူ ၆ ဦးနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို လက်ရှိအချိန်ထိ စုံစမ်း၍မရသေးပါ။
ဦးအောင်ဝင်းနိုင်သည် ဖမ်းဆီးစစ်ဆေးခံရစဉ်က ရရှိခဲ့သည့်ဒဏ်ရာများကြောင့် လက်ရှိအချိန်အထိ ရင်ဘတ်များအောင့်နေသည့်အတွက် ဆေးဝယ်တိုက်နေရကြောင်း မိသားစုက ပြောသည်။

ဆက်စပ် သတင်းများ