ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့် မောင်တောမြို့နယ်မြောက်ပိုင်းခရီးသွားလာမှုရပ်တန့်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k

နိရဉ္စရာ၊ ဇူလိုင် ၁၈/ ၂၀၂၂
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ယနေ့နံနက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ခရီးသွားလာမှု ရပ်တန့် သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယနေ့တိုက်ပွဲမှာ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ ဘက်က တပ်အင်အားကို အင်အားဖြည့် တိုးချလာသည့်အတွက် နောက်ထပ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ဒေသခံများက ပြောသည်။
“ တိုက်ပွဲက ဆက်ဖြစ်ဖို့ အလားအလာရှိပါတယ်။ အခုနကဘဲ စစ်တပ်က ခြေကျင် တက်သွားတာ တွေ့လိုက်တယ်။ အရေအတွက် ဘယ်လောက် ဆိုတာတော့ မသိဘူး။ လူတွေ ဘယ်သူမှ လမ်းပေါ်ထွက် ခရီး မသွားကြတော့ဘူး” ဟု ပြောသည်။
ယနေ့နံနက်တွင် မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းအလွန် တရိန်းနှင့် မြဝတီရွာကြားရှိ တောတောင်ထဲတွင် စစ်ကောင်စီတပ်နှင့် အေအေတို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်ဘက်မှ အထိနာသွားသည့်အတွက် စစ်အင်အား ဖြည့်နေသည်ဟု သိရကြောင်း ဒေသခံများကပြောကြားသည်။
ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး လက်နက် အပါအဝင် စစ်အသုံး အဆောင်ပစ္စည်းများကိုလည်း ရက္ခိုင့်တပ်တော်ဘက်မှ သိမ်းဆည်းရမိထားသည်ဟု အေအေနှင့် နီးစပ်သူများကလည်း ပြောဆိုသည်။
ယမန်နေ့ကလည်း မောင်တောမြို့နယ် သင်္ဘောလှကျေးရွာအနီးတွင် အေအေနှင့် မြန်မာစစ်တပ်တို့ မိနစ်ပိုင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း အဆိုပါဒေသခံက ပြောသည်။
ယခုအခါ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ တပ်အင်အား ဖြည့်နေသည့်အတွက် ဒေသခံများ ခရီးမသွားဝံ့တော့သဖြင့် ခရီးသွားလာရေး ရပ်တန့်သွားခဲ့သည်ဟု အောင်ဗလကျေးရွာသား တစ်ဦးကလည်း ပြောကြားသည်။
“အခုဒီမှာ ဒီမှာလူတချို့ နံ့သာတောင်ကို ဆိုင်ကယ်နဲ့သွားတာ တိုက်ပွဲဖြစ်လို့ နောက်ဆုတ်လာရတယ်။ ရဟတ်ယာဉ်တစ်စီးလည်း အဲဒီဘက်တက်သွားတာ တွေ့လိုက်ရတယ်” ဟုပြောသည်။
ယနေ့ တွင် အပြန်အလှန်ပစ်ခတ်သံများကို နံနက် ၇ နာရီကျော်တွင် တစ်ကြိမ်နှင့် နံနက် ၁၁ နာရီကျော်တွင် တစ်ကြိမ်ကြားခဲ့ရသည်ဟုလည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။( NN-14)

ဆက်စပ် သတင်းများ