တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

သံတွဲမြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို အင်အားဖြည့်တင်းရန် စစ်ကောင်စီက ဧရာဝတီတိုင်းနှင့် ဂွမြို့တို့မှ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်များ ခေါ်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 708

လူထက်နိုင် (ဒွါရာမြေ)

နိရဉ္စရာ ၊မေ ၉ /၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ်တွင် ဖြစ်ပွားနေသော အာရက္ခတပ်တော်နှင့် တိုက်ပွဲများတွင် အထိနာနေသော စစ်ကောင်စီသည် ဧရာဝတီတိုင်းနှင့်ဂွမြို့ တို့မှ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်များကို ခေါ်ယူကာအင်အားဖြည့်ထားကြောင်း စစ်ကောင်စီနှင့်နီးစပ်သော သံတွဲဒေသခံများထံမှ သိရသည်။

ဂွမြို့ရှိ သစ်ကောက်၊ ပေါက်တူး၊ ချောင်းသာကြီး စသည့် ကျေးရွာ အုပ်စုများမှ ပြည်သူ့စစ်အဖွဲ့ဝင်များကိုခေါ်ထားခြင်းဖြစ်သည်ဟုလည်း ဒေသခံများကဆိုသည်။

“ တပြိုင်နက်ထဲ ကားတန်းကြီးနဲ့ အင်အားရောက်လာတမျိုးမဟုတ်ပါဘူး၊သုံးလေးရက်လောက်နေရင် တစ်စီး နှစ်စီးလာ။ တပ်သားတွေထားခဲ့။ ပြန်သွားနဲ့ အဲ့လို အင်အားဖြည့်ထားတာပါ။ အခု ဧရာဝတီဖက်ကလာတဲ့စစ်ကောင်စီ တပ်သားလေးတွေက အသက်ငယ်ငယ်လေး တွေပါတယ်။ တချို့သံတွဲက ဂိတ်တချို့မှာနေရာယူတာရှိတယ်၊ဒါပေမယ့် နာရီပိုင်းပဲ။ ရွှေလှေဖက် ပို့လိုက်တာပါပဲ” ဟု စစ်ကောင်စီနှင့်နီး စပ်သော သံတွဲဒေသခံတစ်ဦးကပြောသည်။

ရခိုင်ပြည်၊ ဂွမြို့အခြေစိုက် စစ်ကောင်၏ ခမရ (၅၆၃)မှ အင်အားတချို့ သံတွဲတိုက်ပွဲသို့ ပူးပေါင်းပေးရသောကြောင့် အင်အားလျော့နည်းလျက်ရှိကာ ပြည်သူ့စစ် (၈၀)ဦးခန့်ကို ဧပြီ ၂၈ ရက်မှစပြီးဧရာဝတီတိုင်းဖက်မှ အင်အားဖြည့်ထားကြောင်းသိရသည်။

မေလ ၃ရက် မှ မေလ ၇ ရက်နေ့အထိ ဧရာဝတီတိုင်းဘက်မှ ပုသိမ်-မုံရွာလမ်းအတိုင်း အကြမ်းဖက် စစ်ကားအင်အားများ ရခိုင်ဘက်သို့ နေစဉ်အသွားအလာရှိကြောင်း ဒေသခံများထံမှသိရသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် (ရေတပ်)ရှိ တပ်ဖွဲ့ဝင်များကို ပုသိမ်တောင်ပေါ် နတခ တွင်တိုက်စည်းသင်တန်း (၄၅)ရက်ကြာ သင်တန်းပေးထားပြီး သင်တန်းမတက်သူများကို ပုသိမ်သင်္ဘောကျင်းမှသင်္ဘောများဒေါက်ဆင်းလျှင် ရခိုင်သို့စေလွှတ်မည် ဖြစ်သည်ဟု ဆိုသည်။ 

“ရခိုင်ပြည်၊ သံတွဲတိုက်ပွဲအတွက် ဧရာဝတီနဲ့ ရန်ကုန်ကို စစ်ကူအင်အား ၁၀၀တောင်းတာ ခင်ဗျ။စစ်မှုထမ်းဟောင်းတွေပါ ပါတယ်၊ ၈၀ ပို့ထားတယ်။ခမရ (၅၆၃)ကို ပို့ပေးရတာ၊ သံတွဲမှာအရက္ခတပ်တော်အင်အားက အတော်များလာပြီ။ ရွှေလှေတိုက်နယ်ကရွာတွေ နောက်တခြား မြို့နဲ့နီးတဲ့ရွာတွေမှာရောက်နေပြီ။ စစ်တပ်က အင်အားမယှဉ်နိုင်ဖြစ်မယ် ” ဟု ရွှေလှေဒေသခံတစ်ဦးကပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်သံတွဲမြို့တွင်တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ သံတွဲမြို့နှင့် ၁၀ မိုင်ခန့်သာကွာဝေးသည့်ချောင်းလယ်တော ကျေးရွာအနီးရှိ ပြွန်ခေါင်တောင်ကို မေလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်အတွင်းရှိ ကျောင်းကုန်း၊ အုန်းမော်နှင့် လင်းသီကျေးရွာ အနီးဝန်းကျင်တွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာမှ ယခုချောင်းလယ်တောရွာအနီး ပြွန်ခေါင်တောင် သို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။


ဓာတ်ပုံ- အင်တာနက်

ဆက်စပ် သတင်းများ