တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

သံတွဲတွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

(စစ်ကောင်စီက အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်၍ ဒေသခံများအသက်လုထွက်ပြေးနေကြရ)

သဉ္ဇာနွယ်/ နိရဉ္စရာ၊ မေ ၉/ ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ် ရွှေလှေတိုက်နယ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက အတွဲလိုက်ဒုံးကျည်များဖြင့် ဆက်တိုက် ပစ်ခတ်နေသဖြင့် ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု သတင်းရရှိသည်။

ယနေ့ မေ ၉ ရက်နေ့  ညနေ ၆နာရီခန့်မှစ၍ သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်၊ ကွေ့ချောင်းကျေးရွာနှင့် နတ်တောင်မော်ကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု သံတွဲမြို့ခံ အမျိုးသမီး တစ်ဦးက နိရဉ္စရာ သတင်းဌာန ကို ပြောသည်။

" အခု ၆  နာရီထိုးဖို့ ၁၅ မိနစ်အလိုကဘဲ တခါပစ်ရင် ပထမတစ်ကြိမ် က ၅ လုံးထွက်တယ်။ ပြီးတော့ လေးလုံးတွဲ သုံးလုံးတွဲ အဲသလိုမျိုးပစ်သံကြားတယ်။ ဘယ်နှစ်‌လုံးကျပြီလဲမသိဘူးပစ်နေတာ။ ဘားတောင်းတောင်ကနေ စစ်တပ်က ပစ်ခတ်နေတာ။ ခါတိုင်းထက်ပိုများသလိုကြားနေရတယ်။ အပြန်အလှန် ချနေတာလို့တော့ သိရတယ်။  အေအေဖက်ကလည်း သံတွဲမြို့ကိုဝိုင်းထားတဲ့ သတင်းတွေ ထွက်နေတော့ သူတို့က ပိုပြီး လက်နက်ကြီးတွေနဲ့ ပစ်လာတယ် " ဟုပြောသည်။



လက်နက်ကြီးဖြင့် လက်ရှိ ညနေ ၆နာရီကျော်အထိပစ်ခတ်လျက်ရှိပြီး မည်သည့်ကျေးရွာတွင် ကျရောက်ပေါက်ကွဲသည်ကို မသိရသေးဝေကြာင်း၊  လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ အသက်လု ထွက်ပြေးနေကြရသည်ဟု နတ်တော်မော်ကျေးရွာသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" လက်နက်ကျည်က ရွာတွေအထဲကိုတော့ကျမ ကျတော့ မသိရဘူး။ လယ်ကွင်းပြင်တွေကိုတော့ ကျတယ်။ ကြည့်ဖို့လည်း အချိန်မရခဲ့ဘူး။ ထွက်ပြေးလာရတာ " ဟု ၎င်းက ပြောသည်။

ရွှေလှေတိုက်နယ်၊ ကွေ့ချောင်းအုပ်စု တဝိုက် နတ်တော်မော်၊ ကွေးချောင်း၊ ရေစင် ကျေးရွာမှ ‌ဒေသခံ များမှာ ထွက်ပြေးလာကြရကြောင်းဒေသခံများက ပြောသည်။

လက်ရှိ သံတွဲမြို့ အနီးဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ သံတွဲမြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် ချောင်းလယ်တောကျေးရွာအနီးရှိ ပြွန်ခေါင်တောင်ကိုလည်း  ပြီးခဲ့သည့် မေလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

သံတွဲမြို့နယ်တွင် ဖြစ်ပွားနေသော အာရက္ခတပ်တော်နှင့် တိုက်ပွဲများတွင် အထိနာနေသော စစ်ကောင်စီသည် ဧရာဝတီတိုင်းနှင့်ဂွမြို့ တို့မှ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်များကို ခေါ်ယူကာ အင်အားဖြည့်တင်းနေကြောင်း စစ်ကောင်စီနှင့်နီးစပ်သော သံတွဲဒေသခံများထံမှ သိရသည်။

သံတွဲမြို့နယ်တွင် ရေအားလျှပ်စစ်စီမံကိန်းမှ အလုပ်သမားများနှင့် မိသားစုများ၊  ဒေါ်မြ၊ ပုရစ်၊ ရေကောက်၊ ကျောင်းကုန်း၊ ရွှေလှေကျေးရွာများမှ စစ်ဘေးရှောင် ၈၀၀ခန့် ရှိပြီး နောက်ထပ် တိုးလာသည့် စစ်ဘေးရှောင်များလည်း ရှိနေကာ  အရေးပေါ် အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။ 

ဆက်စပ် သတင်းများ