အင်္ဂါ၊ အောက်တိုဘာလ ၂၂ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့ နယ်မှ ကျေးရွာနှစ်ရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အရပ်သား လေးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 488

မင်းသျှင်စော၊ နိရဉ္စရာ ၊အောက်တိုဘာ ၂၂/ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ၍ ရွာသား ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ လောင်းစပ်ကျေးရွာက ၃ ဦးနှင့် ငလက်ကျကျေးရွာက တစ်ဦးနှင့် ဒဏ်ရာရရှိသူ ၇ ဦးအထဲတွင် လောင်းစပ်ကျေးရွာမှ ၅ ဦးနှင့် ငလက်ကျကျေးရွာမှ ၂ ဦးတို့ ဖြစ်ကြသည်။

လောင်းစပ်ကျေးရွာမှ သေဆုံးသူ ၃ ဦးမှာ ဦးအောင်သိန်း (၇၅) နှစ်၊ ဉီးညို (၆၀) နှစ်နှင့်  ကိုဖြိုးမင်းသူ (၁၇) နှစ် တို့ဖြစ်ကြပြီး ဒဏ်ရာရသူ ၅ ဦးမှာ ဒေါ်တင်နု (၇၀)၊ ဒေါ်စိုးစိုး (၄၆) နှစ် ၊ မချစ်သက်ဝေ (၁၄) နှစ်၊ ဒေါ်နှင်းအိဖြူ (၃၉) နှစ်နှင့်  ဉီးတင်သိန်း (၅၈) နှစ်တို့  ဖြစ်ကြသည်။

ငလက်ကျကျေးရွာတွင် သေဆုံးသွားသူမှာ ဦးသိန်းဝင်း (၅၄) နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူ ၂ ဦး၏ အမည်ကို မသိရသေးဟု ဆိုသည်။ 

"  မွန်းလွဲပိုင်း ၂ နာရီခွဲလောက်မှာ မထင်မှတ်ဘဲ ကျေးရွာတွေထဲကို ကျလာတယ်။ ဒီရွာ နှစ်ရွာက ရွာနီးချင်းစပ်တွေပါ။ နပခကနေ ပစ်တာပါ။ အေအေထိုးစစ်ဆင်နေတာကို ပြန်ပစ်တာပါ။ အဲဒီမှာ ရွာထဲလာကျတာပါ။ အိမ်ကတစ်အိမ်နဲ့ တအိမ်က နီးနေတော့ ပြေးမလွတ်လိုက်ဘူးလေ။ လောင်းစပ် ရွာမှာ နေရာမှာ တင်ဘဲ ပွဲချင်း ၃ ယောက်သေတယ်။ ကျန်လူတွေက ပြင်းထန် ဒဏ်ရာရကြတယ်"ဟု သူကဆိုသည်။

 

 

ဆက်စပ် သတင်းများ