သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

စစ်ကောင်စီက စစ်ရှုံး၍ အရပ်သားများရှိရာသို့ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် တစ်လအတွင်းအရပ်သား (၁၂၅)ဦးသေဆုံး၊ (၁၆၇)ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 427

နိရဉ္စရာ၊ ဇူလိုင် ၂၆/၂၀၂၄

စစ်ကောင်စီက စစ်ရှုံး၍ အရပ်သားများရှိရာသို့ ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့မှုကြောင့် တစ်လတာကာလအတွင်း အရပ်သား (၁၂၅)ဦးသေဆုံးခဲရပြီး (၁၆၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA ပြန်ကြားရေးဌာနမှ ဇူလိုင် ၂၅ ရက်က သတင်းထုတ်ပြန်သည်။

PSLF/TNLA နှင့် မဟာမိတ်တပ်များက ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)ကို ဇွန်လ (၂၅) ရက်နေ့တွင် စတင်ခဲ့ပြီးနောက် တစ်လတာအတွင်း စစ်ကောင်စီ၏ အရပ်သားများကို ဦးတည်တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ဒေသခံ (၃၀၀၀၀)ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး နေအိမ်(၉၃)အိမ်၊ ဘုန်းကြီးကျောင်း (၈)ကျောင်း နှင့် စာသင်ကျောင်း (၇) ကျောင်း  ထိခိုက်ပျက်စီးခဲ့ရသည်ဟုဆိုသည်။

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ (၁)လအတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်  အမျိုးသမီး (၁၄) ဦး၊ အမျိုးသား (၂၄)ဦးသေဆုံးပြီး အမျိုးသား (၁၅)ဦးနှင့် အမျိုးသမီး (၂၁) ဦး၊ ကလေး (၄)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၃၇) အိမ် ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် စာသင်ကျောင်း(၂)ကျောင်း ပျက်စီးသွားခဲ့သည်။


အလားတူ နောင်ချိုမြို့နယ်တွင် အရပ်သား အမျိုးသား (၁၀)ဦး၊ အမျိုးသမီး(၈)ဦးသေဆုံးပြီး အမျိုးသမီး (၃)ဦးနှင့် အမျိုးသား(၁)ဦးထိခိုက်ဒဏ်ရာရရှိကာ အရပ်သားနေအိမ် (၁၃) အိမ်၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် စာသင်ကျောင်း(၁)ကျောင်း ထိခိုက်ပျက်စီး သွားခဲ့သည်။

မိုးကုတ်မြို့နယ်တွင်လည်း အမျိုးသမီး(၈)ဦး၊ ကလေး(၉)ဦး၊ အမျိုးသား(၁၁)ဦး သေဆုံးပြီး အမျိုးသား (၂၆)ဦး၊ အမျိုးသမီး (၂၂)ဦးနှင့် ကလေး(၁၀)ဦးထိခိုက်ဒဏ်ရာရကာ လူနေအိမ် (၂၉)အိမ် ဘုန်းကြီးကျောင်း(၂) ကျောင်းထိခိုက်ပျက်စီးခဲ့သည်။

မိုးမိတ်မြို့နယ်တွင်လည်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၂)ဦးသေဆုံးပြီး အမျိုးသား (၈)ဦး၊ အမျိုးသမီး(၄)ဦး ဒဏ်ရာရရှိကာ နေအိမ်(၅)အိမ် စာသင်ကျောင်း(၂) ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

ထို့နည်းတူ လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ် ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား (၂၁) ဦး၊ အမျိုးသမီး(၁၂)ဦး ကလေး (၅)ဦးသေဆုံးပြီး အမျိုးသား (၂၇)ဦး၊ အမျိုးသမီး(၂၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သားနေအိမ်(၉) အိမ်၊ ဘုန်းကြီးကျောင်း(၃) ကျောင်းနှင့် စာသင်ကျောင်း(၂)ကျောင်းထိခိုက်ပျက်စီးသွားခဲ့သည်။

သီပေါမြို့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ  (၅)ဦး လက်နက်ကြီးစထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုPSLF/TNLA ၏ ဇူလိုင်သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ဆက်စပ် သတင်းများ