သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ပင်လယ်ပြင်သို့ ဖေဖော်ဝါရီ ၂၆ ရက်နှင့်မတ်လ ၂ ရက်အတွင်း တရုတ်အာကာသယာဉ်အပျက်အစီးများ ထပ်မံကျရောက်မည်ဟု သတိပေးချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၆/ ၂ဝ၂၂
ရခိုင်ပင်လယ်ပြင်ထဲသို့ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်း တရုတ်အာကာသလွန်းပျံယာဉ်အပျက်အစီးပစ္စည်းများ ထပ်မံကျရောက်မည်ဟု သိရသည်။
၎င်းအာကာသယာဉ်အပျက်အစီးပစ္စည်းများမှာ သံတွဲလေဆိပ်၏အနောက်တောင်ဘက် ရေမိုင် ၃ဝ ခန့်အကွာနှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၆၃ မိုင်အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း ကျရောက်နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် လေကြောင်းဦးစီးဌာနတို့က သတိပေးချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။
သံတွဲလေဆိပ်တာဝန်ခံ ဦးဇော်မှိုင်းက “ကျွန်တော်တို့ဆီကိုတော့ စာရောက်တာရှိတယ်။ ရက်က မနက်ဖြန် မနက်လို့ပါတယ်။ သူတို့တွက်ချက်ထားပြီးသား။ ကိုယ်တွေရဲ့ ဒီလေကြောင်းတွေအန္တရာယ်လွတ်ကင်းဖို့ပေါ့” ဟု ပြောသည်။
အဆိုပါအာသာသယာဉ်အပျက်အစီးအစိတ်အပိုင်းကျရောက်နိုင်သည့်နယ်နိမိတ်အတွင်းသွားလာနေသော ရေယာဉ်ကြီးငယ်များ၊ ကုန်တင်သင်္ဘောများ၊ စက်လှေများနှင့် စက်တပ်သမ္ဗာန်များ သွားလာခြင်း၊ ကျောက်ချရပ်နားခြင်းမပြုကြရန် သတိပေးစာတွင် ဖော်ပြထားသည်။
တရုတ်အာကာသလွန်းပျံယာဉ်မှ အစိတ်အပိုင်းများသည် လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းနှင့် ဒီဇင်ဘာ ၂၃ ရက်တို့ကလည်း ရခိုင်ပင်လယ်ပြင်အတွင်းသို့ကျရောက်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်ကလည်း ကောင်းကင်ပေါ်မှ ပေါက်ကွဲသံများနှင့်အတူ အမျိုးအမည်မသိပစ္စည်းတစ်ခု မာန်အောင်နှင့် သံတွဲမြို့အနီးပင်လယ်ပြင်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ရခိုင်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ကျရောက်ခဲ့စဉ်။

ဆက်စပ် သတင်းများ