သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ပင်လယ်ပြင်သို့ အာကာသလွန်းပျံယာဉ် အပျက်အစီးအပိုင်းအစကျရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၇ /၂၀၂၂
ရခိုင်ပင်လယ်ပြင်သို့ အာကာသလွန်းပျံယာဉ် အပျက်အစီးအပိုင်းအစသည် ယနေ့နံနက်က ကျရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအာကာသယာဉ်အပိုင်းအစသည် သံတွဲမြို့နယ်၊ နံ့သာကျွန်း၏အနောက်မြောက်ဘက် ၂၇ မိုင်ခန့်အကွာတွင် ယနေ့ ဧပြီ ၇ ရက် နံနက် ၆ နာရီခွဲခန့်က ကျရောက်ခဲ့ခြင်းဖြစ်ပြီး လူနှင့်အရာဝတ္ထုများ ထိခိုက်ပျက်စီးမှုမရှိခဲ့ဟု သိရသည်။
သံတွဲမြို့ခံ ဦးထွန်းသန့်ကျော်က "မနက်ကျတယ်လို့ကြားတယ်။ ထိခိုက်ပျက်စီးမှုတော့ မရှိဘူး"ဟု နိရဥ္စရာကို ပြောသည်။
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်အတွင်းသို့ ဧပြီလ ၇ ရက် နံနက် ၆ နာရီ ၁၈ မိနစ်မှ ညနေ ၆ နာရီ ၃၉ မိနစ်အတွင်း ဘင်္ဂလားပင်လယ်အော်ရှိ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၄)မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့်အကွာ ဧရိယာတွင် ကျရောက်နိုင်သည်ဟု ပြည်နယ်အစိုးရက ဧပြီ ၂ ရက်တွင် ထုတ်ပြန်ထားခဲ့သည်။
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်းတစ်ကြိမ်၊ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အတွင်းကတစ်ကြိမ်နှင့် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကတစ်ကြိမ် ကျရောက်ခဲ့သည်။
ရခိုင်တွင် ယခုကဲ့သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ မကြာခဏ ကျရောက်နေခြင်းသည် ရေလုပ်ငန်းကို အားကိုးပြီးလုပ်ကိုင်စားသောက်နေရသူများနှင့် ရေလုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုများရှိသည်ဟု မာန်အောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက နိရဥ္စရာကိုပြောဆိုထားသည်။
ဓာတ်ပုံ - ရခိုင်နေ့စဉ်

ဆက်စပ် သတင်းများ