တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

၃ ရက်ကြာ ရေကြီးပြီးနောက် တောင်ကုတ်မြို့နယ်တွင် ရေအားလုံးပြန်ကျသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ ဇူလိုင် ၂၈/ ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ၃ ရက်ကြာ ရေကြီးမှုဖြစ်ပွားပြီးနောက် ရေအားလုံးပြန်ကျသွားပြီဟု သိရသည်။

တောင်ကုတ်မြို့နယ်တွင် တောင်ကုတ်မြို့ပေါ်ရှိရပ်ကွက်များအပါအဝင် ကျေးရွာများ အားလုံးမှာ ယမန်နေ့ဇူလိုင်လ ၂၇ ရက်၊ ညနေပိုင်းမှစတင်ကာ ရေတဖြည်းဖြည်းပြန်ကျဆင်းနေ​ခြင်းဖြစ်ပြီး ယနေ့ဇူလိုင်လ ၂၈ ရက်၊ မနက်အစောပိုင်းတွင် ရေအားလုံးပြန်ကျသွားပြီဟု တောင်ကုတ်မြို့ခံ ကိုညီလင်းဇော်က ပြောသည်။

"ရေကျသွားပါပြီ။ မနေ့ညကနေ ရေကတဖြည်းဖြည်းကျတာ။ ဒီမနက်ပိုင်းမှာတော့ ရေအားလုံး ပြန်ကျသွားပါပြီ။ ၃ ရက် ရေကြီးခဲ့ပါတယ်။ အခုတော့ ရွှံ့နွံတွေကို ရေဆေးချနေရပါတယ်" ဟု ပြောသည်။

တောင်ကုတ်မြို့နယ်ရှိ ချောင်းကမ်းပါးအနီးမှ ကျေးရွာများတွင် ရေကြီးခဲ့ခြင်းကြောင့် လူနေအိမ်အချို့ပြိုကျပျက်စီးသွားသည့်အပြင် ဝမ်းစာအဖြစ်သိုလှောင်ထားသည့် ဆန်၊ စပါးများမှာလည်း ရေနစ်မြုပ်မှုထဲတွင်ပါရှိသွားကြောင်း တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

"ဝမ်းစာ ဆန်တွေနဲ့ စပါးတွေ ရေနစ်တဲ့အထဲပါသွားတယ်။ ဆန်အိတ်တွေဆိုရင် ရွှံတွေနစ်ပြီး ဘာမှလုပ်မရတော့ဘူး။ ကျနော်တို့ကလည်း အသက်ဘေးကနေလွတ်ဖို့ကိုပဲ ဦးစား ပေးလိုက်ရတာဆိုတော့ တစ်ခြားဟာတွေကို ဘာမှမသိမ်းလိုက်နိုင်ဘူး။ ဆယ်စုနှစ်အတွင်း ဒီတစ်ခါရေကြီးတာက အဆိုးဆုံးအခြေအနေပါပဲ" ဟု ပြောသည်။

ရခိုင်မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုးအဆက်မပြတ် သည်းထန်းစွာ ရွာသွန်းခြင်းကြောင့် ဇူလိုင်လ ၂၅ ရက်၊ မနက် အစောပိုင်းမှစတင်ကာ တောင်ကုတ်မြို့ပေါ်ရှိ ချောင်းကောက်ရပ်ကွက်အပါအဝင် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ချောင်းရေ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ကုန်းမြင့်ပိုင်းရပ်ကွက်များတွင် ရေအမြင့်ပေ ၉ ပေခန့်နစ်မြုပ်ခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်များတွင် ၁၅ ပေခန့်အထိ မြင့်တက်နစ်မြုပ်ခဲ့ကြောင်း တောင်ကုတ်မြို့ခံများထံမှ သိရသည်။

ထို့သို့ ရေကြီးခဲ့၍ ပန်းတောင်း-တောင်ကုတ် လမ်းမကြီးမှလွဲ၍ တောင်ကုတ်မြို့ပေါ် ရပ်ကွက်များ အားလုံးနီးပါး ချောင်းရေနစ်မြုပ်ခဲ့ကာ ဂွမြို့၊ ဒွါရာဝတီမြို့သစ်၊ သံတွဲမြို့ နံတော်ပြင်ပိုင်း၊ နတ်ပြင်ကျေးရွာ၊ ခြံပြင်ကျေးရွာ၊ လက်ပံစု၊ တော်ရော်တော ရွာဟောင်းတို့မှာလည်း ချောင်းရေများနစ်မြုပ်ခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - ရေပြန်ကျသွား၍ ရွှံ့နွံများအား ရေဆေးချနေသည်ကို တွေ့ရစဥ်။ Photo - ကိုညီလင်းဇော်

ဆက်စပ် သတင်းများ