စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ANP ပါတီကို စစ်ကောင်စီက မှတ်ပုံတင်ခွင့်မပြုသေး၍ ပါတီလုပ်ငန်းများ ရပ်ဆိုင်းထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 997

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ရခိုင်အမျိုးသားပါတီ (ANP)ကို ပါတီမှတ်ပုံခွင့်မပြုသေး၍ ပါတီလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းထားရကြောင်း ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသာထွန်းလှက နိရဉ္စရာကိုပြောသည်။

“ပါတီမှတ်ပုံတင်ခွင့်မပေးသေးတဲ့အတွက် လောလောဆယ်ကတော့ ပါတီလုပ်ငန်းတွေကိုတော့ ရပ်ဆိုင်းထားရတဲ့အခြေအနေရှိတယ်ပေါ့လေ။ ဘယ်လိုလုပ်ငန်းလဲဆိုတော့ ပါတီတွင်း လုပ်ငန်းတွေကိုတောင်မှ ရပ်ဆိုင်းထားရတဲ့အခြေအနေရှိတယ်”ဟု ပြောသည်။

ရခိုင်မှ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆ ခုအနက် ၅ ခုကို UEC က ပါတီ မှတ်ပုံတင်ခွင့်ချပေးထားပြီး လူသိများထင်ရှားသည့် ANP ပါတီကို  ခွင့်ပြုချက် မပေးသေးဟု သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ၏သဘောထားကို နိရဥ္စရာကမေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည

ANP ပါတီတစ်ခုတည်းသာကျန်တော့ခြင်းမှာတိုင်းရင်းသားအင်အားကြီးပါတီများကို အလွယ်တကူ မှတ်ပုံတင်ခွင့်ချမပေးဘဲ သေသေချာချာ စိစစ်ရန် အချိန်ယူထားသည့်သဘောဖြစ်နိုင်သည်ဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက သုံးသပ်သည်။

“တချို့တိုင်းရင်းသားပါတီတွေလည်းကျန်ရှိနေတာတွေရှိသေးတယ်။ မှတ်ပုံတင်ခွင့်မကျသေးဘဲနဲ့လေ။ ဒါကြောင့် သေချာစိစစ်ဖို့အချိန်ယူထားတဲ့သဘောမျိုးရှိတယ်လို့ မြင်တယ်။ မှတ်ပုံတင်ခွင့်ကို လွယ်လွယ်ကူကူချမပေးဘဲနဲ့ တိုင်းရင်းသားအင်အားကြီးပါတီတွေကိုဆို သေချာစိစစ်တဲ့ သဘောထားမျိုးရှိတယ်လို့ သုံးသပ်မိတယ်”ဟု ပြောသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ပြီး ဥပဒေသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားရန် UEC က နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ခဲ့သည်။

ယင်းနောက် ရခိုင်မှ ဦးသာထွန်းလှဦးဆောင်သော ရခိုင်အမျိုးသားပါတီ(ANP)၊ ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)၊ မြိုတိုင်းရင်းသာပါတီ(MNP)၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(MNDP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP) တို့က UEC ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြသည်ဟု သိရသည်။

မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြသည့် ရခိုင်မှ ပါတီများအနက် မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(MNDP)ကို ဇူလိုင်လ ၃ ရက် တွင်လည်းကောင်း၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို မေလ ၅ ရက်တွင်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီ(MNP)ကို မေလ ၄ ရက်တွင်လည်းကောင်း၊ ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ(RSNUP)ကို မေလ ၂ ရက်တွင်လည်းကောင်း UEC က မှတ်ပုံတင်ခွင့်ပြုထားပြီး ဖြစ်သည်။

ရခိုင်မှ ပါတီမှတ်ပုံတင်ခွင့်ရရှိထားသည့်ပါတီ ၅ ခုမှခေါင်းဆောင်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က ဇူလိုင်လ ၁၁ ရက်တွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် ရခိုင်မှ မှတ်ပုံတင်ခွင့်ရသည့်ပါတီများအနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် မပတ်သက်ကြရန် ညွှန်ကြားခဲ့သည်ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူများက ပြောသည်။

မှတ်ပုံတင်ခွင့်ရရှိထားသည့် ပါတီများအနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မြို့နယ် ၅ ခုတွင်ပါတီရုံးဖွင့်လှစ်ရန်နှင့် သတ်မှတ်ထားသည့် ပါတီဝင်လူအင်အားကို မှတ်ပုံတင်ခွင့်ရပြီးနောက် ရက်ပေါင်း ၉ဝ အတွင်း စည်းရုံးရန်လည်း ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

ယခင်က ရခိုင်တွင် တရားဝင် နိုင်ငံရေး ပါတီအဖြစ် တည်ရှိခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ(DNDP)တို့သည် ပါတီမှတ်ပုံတင်ခွင့် ပြန် လျှောက်ထားခြင်းမရှိခဲ့သဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲဥပဒေအရ အလိုအလျောက် ပါတီအဖြစ်မှ ရပ်ဆိုင်းခံခဲ့ရသည်။

UEC ထံ ပါတီမှတ်ပုံတင်ခွင့်ကို တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီ ၆ဝ ကျော် လျှောက်ထားခဲ့ကြပြီး သတ်မှတ်အချိန်အတွင်း လျှောက်ထားခြင်း မပြုသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် ပါတီ ၄ဝ ကို ဖျက်သိမ်းလိုက်ကြောင်း မတ်လ ၂၈ ရက်တွင် UEC က ထုတ်ပြန်ခဲ့သည်။  (NN-16)

ဆက်စပ် သတင်းများ