တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အီလက်ထရောနစ်မဲပေးစနစ်ကို UEC က ထုတ်ပြလာပြီဖြစ်သော်လည်း ရခိုင်မှ အင်အားကြီး ANP ပါတီကို မှတ်ပုံတင်ခွင့်မပြုသေး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 580

စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် အီလက်ထရောမဲပေးစနစ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ရှင်းလင်း ပြသလာပြီ ဖြစ်သော်လည်း ရခိုင်မှ အင်အားကြီးပါတီ တစ်ခုဖြစ်သည့် ရခိုင်အမျိုးသာပါတီ (ANP)အား ပါတီမှတ်ပုံတင်ခွင့် မပြုသေးကြောင်း သိရသည်။

စစ်ကောင်စီဘက်က ပါတီတချို့၏မှတ်ပုံတင်ခွင့်ကို  ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း တချို့ပါတီများကိုမူ တစ်စုံတရာရည်ရွယ်ချက်ဖြင့် မှတ်ပုံတင်ချမပေးသေးခြင်းဟု သုံးသပ်မိကြောင်း ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

"မှတ်ပုံတင်ခွင့် ချပေးထားတာမရှိသေးပါလောလောဆယ်။ တချို့ပါတီတွေကို မှတ်ပုံတင်ချပေး လိုက်ပေမယ့် မြန်မာနိုင်ငံမှာ တချို့ပါတီတွေကိုကျတော့ သူတို့ပါတီကော်မရှင်တွေရဲ့ပြောဆိုချက်အရ နကစကောင်စီပြောဆိုချက်အရဆိုရင် နည်းဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးမှုလုပ်နေတယ်လို့ သတင်းမီဒီယာတွေကို ဖြေထားတာတွေ့တယ်။ အဲ့ဒီအပေါ်မှာမူတည်ပြီးပြောရမယ်ဆိုရင် တစ်စုံတစ်ရာ ရည်ရွယ်ချက်တစ်ခုနဲ့ မှတ်ပုံတင်ချပေးထားတဲ့ပါတီတွေထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာလို့သုံးသပ်မိတယ်" ဟု ပြောသည်။

ယင်းသို့ ANP ပါတီကို မှတ်ပုံခွင့်မပြုသေး၍ ပါတီလုပ်ငန်းများအား ရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။

ရခိုင်အမျိုးသားပါတီ( ANP) သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ပါတီများ ပြန်လည်မှတ်ပုံတင်ရန် စစ်ကောင်စီက ဖိတ်ခေါ်ခဲ့ရာ ANP ပါတီလည်း တခြားပါတီများနည်းတူ မှတ်ပုံတင်ရန် ပြန်လည်လျှောက်ထားခဲ့သည်။

လက်ရှိတွင် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် ပြည်သူ့ပါတီ (PP) နှင့် ပြည်နယ်အဆင့် မှတ်ပုံတင်ထားကြသော ရခိုင်အမျိုးသားအပါတီ (ANP)၊ မွန်ညီညွတ်ရေးပါတီ (MUP) တို့ကို မှတ်ပုံတင်ခွင့် ချပေးခြင်း မရှိသေးကြောင်း သိရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေအသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC)က ထုတ်ပြန်ပြီး ဥပဒေအသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားရန် UEC က နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ခဲ့သည်။

ယင်းနောက် ရခိုင်မှ ဦးသာထွန်းလှဦးဆောင်သော ရခိုင်အမျိုးသားပါတီ(ANP)၊ ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)၊ မြိုတိုင်းရင်းသာပါတီ(MNP)၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(MNDP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP)တို့က UEC ထံ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြသည်ဟု သိရသည်။

မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြသည့် ရခိုင်မှ ပါတီများအနက် မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(MNDP)ကို ဇူလိုင်လ ၃ ရက်တွင်လည်းကောင်း၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို မေလ ၅ ရက်တွင်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီ(MNP)ကို မေလ ၄ ရက်တွင်လည်းကောင်း၊ ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ(RSNUP)ကို မေလ ၂ ရက်တွင်လည်းကောင်း UEC က မှတ်ပုံတင်ခွင့် ပြုထားပြီးဖြစ်သည်။

ရခိုင်မှ နိုင်ငံရေးပါတီများဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကမန်အမျိုးသားတိုးတက်ရေး ပါတီ (KNPP)နှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ(DNDP)တို့သည် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခြင်းမရှိခဲ့ပေ။

UEC ထံ ပါတီမှတ်ပုံတင်ခွင့်ကို တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီ ၆ဝ ကျော် လျှောက်ထားခဲ့ကြပြီး သတ်မှတ်အချိန်အတွင်း လျှောက်ထားခြင်းမပြုသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် ပါတီ ၄ဝ ကို ဖျက်သိမ်းလိုက်ကြောင်း မတ်လ ၂၈ ရက်တွင် UEC က ထုတ်ပြန်ခဲ့သည်။

ဖျက်သိမ်းသည့်အထဲတွင် ရခိုင်မှ မှတ်ပုံတင်ခြင်းမရှိခဲ့သည့် ပါတီ(၃)ခုလည်း ပါဝင်သွားခဲ့သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ အထွေထွေရွေးကောက်ပွဲကြီးကို ၂ဝ၂၄ ခုနှစ်၊ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ လုပ်မည်ဟုမကြာသေးခင်က ပြောဆိုခဲ့သည်။

သို့သော် ပြုလုပ်မည့်အချိန် အသေးစိတ်ကို ပြောဆိုခဲ့ခြင်းမရှိခဲ့ဟု သိရသည်။

လက်ရှိတွင် ရွေးကောက်ပွဲကျင်းပလာပါက ပြည်သူများအနေဖြင့် အီလက်ထရောနစ်စနစ်ဖြင့် မဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) က ပြင်ဆင်ဆောင်ရွက်ထားသည်ဟု သိရသည်။

အီလက်ထရောနစ်စနစ်ဖြင့် မဲပေးနိုင်မည့်စက်ကို UEC က ယမန်နေ့ စက်တင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့ စစ်ကောင်စီအစိုးရရုံး၌ နိုင်ငံရေးပါတီ ၃၅ ခုမှ ကိုယ်စားလှယ် ၁ဝဝ ကျော်ကို လက်တွေ့စမ်းသပ်ပြသခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - အီလက်ထရောနစ်စနစ်ဖြင့် မဲပေးနိုင်မည့်စက်ကို UEC က စက်တင်ဘာလ ၅ ရက်တွင် ရှင်းလင်းပြသခဲ့စဉ်။ (Photo – AFP)
======

ဆက်စပ် သတင်းများ