တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

စစ်အင်အားချိနဲ့ကျပ်တည်းလာခြင်းနှင့် အာဏာသိမ်းစစ်တပ်၏ ပြိုပျက်ခြင်းလက္ခဏာများ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 521

နိဒါန်း

အာဏာသိမ်းစစ်အုပ်စု၏ စစ်အင်အားကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ပင် အချက်လက် မှန်ကန်စွာမသိနိုင်ဟု စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုလေ့ရှိကြသည်။ တချို့က ၅ သိန်း၊ တချို့က ၃ သိန်း စသဖြင့် အမျိုးမျိုးခန့်မှန်းလျက်ရှိကြသည်။ သို့နှင့်တိုင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ခဲ့ သည့် စစ်အာဏာသိမ်းကာလအတွင်း အာဏာသိမ်းစစ်အုပ်စု၏ မြေပြင်စစ်ချီအင်အားသည် သိသာစွာကျဆင်း သွားခဲ့သည်ကိုတော့ မည်သို့မျှငြင်းဆိုနိုင်လိမ့်မည်မဟုတ်ပေ။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO)များနှင့် နွေဦးတော်လှန်ရေးအင်အားစုများ ပေါင်းစုဆင်နွှဲနေသော ခုခံတော်လှန်စစ်၏ အရှိန်အဟုန်ပြင်းပြင်း၊ စစ်မျက်နှာအပြန့်ကျယ်ကျယ်ထဲတွင် အာဏာသိမ်းစစ်အုပ် စုသည် လေကြောင်းပစ်ကူခြင်း၊ လေကြောင်းမှထိုးစစ်ဆင်ခြင်းမျိုးကိုသာ ပိုမိုအားပြုနေရပါသည်။ တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်သား သေဆုံးခဲ့သည့် ကိန်းဂဏန်းများ မြှင့်တက်လာသကဲ့သို့ လက်နက်ချအညံ့ခံသည့် ဖြစ်စဉ်များသည်လည်း ပိုမိုမြင်တွေ့လာရပြီဖြစ်သည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စု ၏ စစ်အင်အားချိနဲ့ကျပ်တည်းလာခြင်းနှင့် ပြိုပျက်ခြင်းလက္ခဏာများကို ဖြစ်စဉ်ဖြစ်ရပ်များ၊ အချက်အလက် များအခြေပြုကာ ချဉ်းကပ်လေ့လာတင်ပြသွားပါမည်။

ထူးခြားသတင်းဖြစ်စဉ်

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်၏ အရှေ့ပိုင်းကာလများအတွင်း စစ်ပြေးမှုအဖြစ် ကြေညာခံထားရသူများအနေဖြင့် စစ်ကောင်စီတပ်တွင်  စစ်မှုထမ်းရန် ရည်ရွယ်ချက်ဖြင့် ပြန်လာမည်ဆိုပါက စစ်ပြေးမှုအဖြစ် မသတ်မှတ်ဘဲ ခွင့်မဲ့ပျက်ကွက်မှုအဖြစ်သာ သတ်မှတ်ပြီး စစ်မှုထမ်းရန် လက်ခံဆောင်ရွက်ပေးသွားမည်ဟု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါသည်။

စစ်စည်းကမ်းဆိုင်ရာလုပ်ထုံးလုပ်နည်းများလက်စွဲစာစောင်အမှတ်(၂)တွင် စစ်ပြေးမှုဟူသည် စစ်တပ်သို့ ပြန်လာရန် ရည်ရွယ်ချက်မရှိသော ခွင့်မဲ့ပျက်ကွက်ခြင်းဟု အဓိပ္ပါယ်ရသဖြင့် ၎င်းတို့ထံပြန်လာပြီး စစ်မှုထမ်းရန် ရည်ရွယ်ချက်ရှိပါက စစ်ပြေးမှုမမြောက်ဟုလည်း ၎င်းက ဆိုပါသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင်တော့ ပဲခူးတိုင်း ပေါင်းတည်အကျဉ်းထောင်မှ စစ်စည်းကမ်းဖောက်ဖျက်မှုများ ဖြင့် အကျဉ်းကျနေသည့် အသက် ၂၅ နှစ်မှ အသက် ၅၀ အတွင်း အမျိုးသား (၁၇) ဦးကို လွှတ်ပေးခဲ့သည်ဟု သိ ရပါသည်။ လွှတ်ပေးခြင်းခံရသည့် အဆိုပါအမျိုးသား (၁၇) ဦးထဲတွင် ထောင် ၃ နှစ်မှ ၅ နှစ်အထိ ပြစ်ဒဏ်ကျခံ နေရသူများ ဖြစ်သည်ဟု ဆိုပါသည်။ အခြားသော အကျဉ်းထောင်များတွင်လည်း စစ်ပြေးမှုဖြင့် ထောင်ကျနေသူများအား ပြန်လွှတ်ပေးနေသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောပါသည်။[1]

မန္တလေးတိုင်းအတွင်းရှိ အိုးဘိုအကျဉ်းထောင်နှင့် ထုံးဘိုရဲဖက်စခန်းတို့မှ ထောင်ကျနေသည့် စစ်ပြေး (၁၀) ဦး ခန့်ကိုလည်း စစ်ကောင်စီတပ် ခေါ်ထုတ်ရန် ရှိသည်ဟု သိရပါသည်။ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ခေါ်ထုတ်ခြင်းဟုဆိုပြီး တပ်သားအဆင့်မှ တပ်ကြပ်အဆင့်အတွင်းရှိ အကျဉ်းကျ တပ်သားများကိုသာ ရွေးချယ်ခေါ်ထုတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနမှ သတင်းအရင်းအမြစ် များက ဆိုပါသည်။[2]

ဆိုခဲ့ပါဗိုလ်ချုပ်ဇော်မင်းထွန်း၏ စစ်ပြေးများအား ဖိတ်ခေါ်မှုနှင့် အကျဉ်းကျနေသည့် စစ်ပြေးများအား လွတ်ငြိမ်းခွင့်ပေးခြင်း၊ အပြင်သို့ခေါ်ထုတ်ခြင်း သတင်းဖြစ်စဉ်များသည် ထူးခြားသကဲ့သို့ အာဏာသိမ်း စစ်အုပ်စု၏ ရှေ့တန်းစစ်မျက်နှာတွင် စစ်အင်အားမလုံလောက်မှု၊ ချိနဲ့ကျပ်တည်းလာမှုကိုလည်း ညွှန်းပြနေသည်ဟု ဆိုရမည်ဖြစ်သည်။

အချက်အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များ

မိမိတို့ BNI-Myanmar Peace Monitor အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခတိုက်ပွဲဆိုင်ရာ အကြောင်းချင်းရာ များကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းပြုနေသကဲ့သို့ တိုက်ပွဲများအတွင်း သေဆုံးမှု၊ ဒဏ်ရာရရှိမှုနှင့် ဖမ်းဆီးခံရမှု များကိုလည်း စစ်ကောင်စီတပ်၊ တော်လှန်ရေးအင်အားစုနှင့် အရပ်သားပြည်သူအဖြစ် ပိုင်းခြားသတ်မှတ်ကာ နေ့စဉ်သတင်းဖော်ပြမှုများအပေါ် အခြေပြုပြီး ကိန်းဂဏန်းအချက်အလက်များဖြင့် မှတ်တမ်းပြုထားပါသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၂၃ ခုနှစ် နိုဝင်ဝင်ဘာလ ၃၀ ရက်အထိ လပေါင်း (၁၇) လအတွင်း စစ်ကောင်စီ တပ်သား (၁၀၂၅၆) ဦး သေဆုံးခဲ့ပြီး ၆၇၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ကို တွေ့ရပါသည်။ စစ်ကောင်စီတပ်သား (၆၆၇) ဦးသည် တိုက်ပွဲများအတွင်း ခုခံတော်လှန်ရေးအင်အားစုများ၏ ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ ဖော်ပြပါ ကိန်းဂဏန်းများသည် နေ့စဉ်သတင်းတွေ့ရှိချက်များပေါ် အခြေပြုထားခြင်းဖြစ်သဖြင့် ယခုထက်လည်း ပိုမိုများ ပြားနိုင်သေးသည်ဟု မှတ်ယူနိုင်ပါသည်။

လေ့လာတွေ့ရှိချက်အရ စစ်ကိုင်းတိုင်းသည် စစ်ကောင်စီတပ်သား သေဆုံးမှု (၃၂၂၉) ဦးဖြင့် အများဆုံး ဖြစ်နေ ပြီး မကွေးတိုင်းသည် ဒုတိယသေဆုံးမှုအများဆုံး ဖြစ်ပါသည်။ ကရင်၊ ချင်း၊ ကရင်နီ(ကယား)၊ ပဲခူးအရှေ့ပိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ရှမ်း(မြောက်ပိုင်း)၊ ကချင်၊ ရှမ်း(တောင်ပိုင်း)၊ ပဲခူးအနောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရာနှင့်ချီသော စစ်ကောင်စီတပ်သားသေဆုံးမှုများကို တွေ့ရပါသည်။ ရန်ကုန်၊ ဧရာဝတီ နှင့် နေပြည်တော် ကောင်စီနယ်မြေထဲတွင်လည်း တိုက်ပွဲများ၊ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား သေဆုံးမှုများ ရှိနေပါသည်။


မိမိတို့ BNI-MyanmarPeace Monitor ၏ မှတ်တမ်းအရ နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်ရေးတိုက်ပွဲများ အတွင်း ၅၀ နှင့်အထက် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ရသည့် တိုက်ပွဲဖြစ်စဉ် (၁၂) ခုအထိ ရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်၊ ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား ကရင်နီဒေသတွင်း ခုခံတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်၏ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား (၁၁၀)ကျော် သေဆုံးခဲ့ရသည်။ စစ်ကောင်စီတပ်သား (၃၈) ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက ဖမ်းဆီးခဲ့သည်။ နိုင်ဝင်ဘာ ၁၄ ရက်၊ ညနေပိုင်းတွင်မူ တက္ကသိုလ်ဝန်းအတွင်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်ခွဲမှူးနှင့် တပ်သား ၃၂ ဦး လက်နက်ချအညံ့ခံခဲ့သည်ကို တွေ့ရသည်။[3]

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းနှင့် ကြာအင်းရွာများတွင် အခြေစိုက်သည့် စစ်ကောင်စီ ၏ ခြေလျင်တပ်ရင်း (ခလရ) ၂၈၃ ၊ ခလရ ၃၂၊ ခလရ ၂၈၄ တပ်ရင်းများ၊ နယ်ခြားစောင့်တပ်(BGF) အမှတ် ၁၀၂၂ လက်အောက်ခံတပ်ရင်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀၀ နီးပါး သေဆုံး ခဲ့ရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၅ ရက်အထိ ကြာမြင့်သည့် အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ တပ်ဖွဲ့ဝင် (၁၅) ဦး ကျဆုံးခဲ့ပါသည်။[4]

၂၀၂၃ ခုနှစ် မတ်လ တတိယအပတ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးတိုက်ပွဲ[5]၊  ကချင်ပြည်နယ် ဖားကန်မြို့နယ် ကသိုင်းဏ်းတောင်တိုက်ပွဲ[6]၊ ချင်းပြည်နယ် ဖလမ်းမြို့နှင့် ဟားခါးမြို့အကြား ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း တိုက်ပွဲများ[7]သည်လည်း စစ်ကောင်စီတပ်သားများ အကျဆုံး အများဆုံးတိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ရှမ်းမြောက်ဒေသတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်ရင်းအလိုက် လက်နက်ချ အညံ့ခံခဲ့သည့် ဖြစ်စဉ်များကြောင့်လည်း ရာနှင့်ချီသော စစ်သည်အင်အားများ ‌လျော့ကျသွားစေပါသည်။

သုံးသပ်တင်ပြချက်

တိုက်ပွဲများအတွင်း သောင်းနှင့်ချီသော စစ်ကောင်စီတပ်သားများ သေဆုံးမှုသည် စစ်အုပ်စု၏ စစ်သည်အင်အား ပြုန်းတီးလျော့ပါးလာမှုကို ထင်ရှားစေပါသည်။ အကြမ်းမဖက်ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားအရေအတွက်သည်လည်း သောင်းဂဏန်းကျော်အထိ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် စစ်အာဏာသိမ်းမှု အောင်မြင်ရေးနှင့် စစ်အာဏာရှင်စနစ် အဓွန့်ရှည်စေရေးအတွက် စစ်ချီစစ်ထွက်ပေးမည့် စစ်သည်အင်အားဖြည့်တင်းနိုင်ရေးသည် အရေးပါသည့်လုပ်ငန်းစဉ်တရပ် ဖြစ်လာပါသည်။

စစ်အုပ်စုထောက်ခံသူများအား စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးခြင်း၊ စစ်မှုထမ်းဟောင်းများအား စစ်ဖက်တာဝန်များ ပြန်လည်ပေးအပ်ခြင်း နည်းလမ်းများသည်ပင် စစ်အုပ်စု၏ အင်အားချိနဲ့ကျပ်တည်းလာမှု ကို ဖားထေးပေးနိုင်ခြင်း မရှိတော့သဖြင့် အကျဉ်းထောင်အတွင်းမှ စစ်ပြေးမှုဖြင့် အကျဉ်းကျစစ်သားများအား ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ရန် ပြင်ဆင်လာခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။

ထို့ပြင် ရာနှင့်ချီသော စစ်စခန်းများအား နွေဦးတော်လှန်ရေးအားစုများထံ လက်လွတ်ဆုံးရှုံးလိုက်ရခြင်းနှင့် ဆယ်နှင့်ချီ မြို့များအား လက်လွတ်ဆုံးရှုံနေရခြင်းကို ထောက်ရှုကြည့်ပါက အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၏ တိုက်ရည်ခိုက်ရည်ကျဆင်းလာမှု၊ စိတ်ဓာတ်ပျက်ပြားမှုနှင့် စစ်အင်အားချိနဲ့ကျပ်တည်းလာခြင်းတို့ကို ထင်ရှားစေပါသည်။ ဤသို့သောအကြောင်းချင်းရာများသည်ပင် အာဏာသိမ်းစစ်တပ်၏ ပြိုပျက်ခြင်းလက္ခဏာများကို ညွှန်ပြနေပြီဖြစ်ကြောင်း ကောက်ချက်ချနိုင်ပါသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူး၏ စစ်အုပ်စုအပေါ် ရှုမြင်ထားပုံဖြင့် အဆုံးသပ်ပါမည်။

“စစ်တပ်ဟာ တည်ငြိမ်ရေး ဒါမှမဟုတ် စည်းလုံးညီညွတ်တဲ့ အင်အားစုအဖြစ် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အယူအဆမှန်သမျှကို ရပ်တန့်ထားသင့်တယ်။ အမှန်တရားက အဲဒါနဲ့ ဆန့်ကျင်ဘက်ပါပဲ။ စစ်အစိုးရက ပရမ်းပတာနဲ့ အကြမ်းဖက်မှုတွေကို လုပ်နေသူသာ ဖြစ်တယ်”။[8]

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှအပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၃၃ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)


[1] စစ်မှုပြန်ထမ်းခွင့်ပြုမယ်လို့ ကြေညာပြီးနောက် ခွင့်မဲ့နဲ့ စစ်ပြေးအကျဉ်းသားတချို့ ပြန်လွတ်၊ အာအက်ဖ်အေ၊ https://bit.ly/487rzhq

[2] ရှေ့တန်းပို့ရန်ထောင်ထဲမှ အောက်ခြေစစ်သားများကိုခေါ်ထုတ်၊ မြန်မာနောင်း၊ https://bit.ly/3TcGrXu

[3] လွိုင်ကော်တက္ကသိုလ်၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် ၁၁၀ ကျော် သေဆုံး၊ ကျန် တပ်ဖွဲ့ဝင်များ လက်နက်ချ၊ မစ္စျိမ၊ https://bit.ly/3NgOCy5

[4] တောင်စွန်းနှင့် ကြာအင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝခန့်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁၅ဦးကျဆုံးခဲ့၊ ကေအိုင်စီ၊ https://bit.ly/46P7tY0

[5] ဒီမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အရာရှိအပါအဝင် အများအပြားသေဆုံး၊ လက်နက်များ သိမ်းဆည်းရမိ၊ မဇ္စျိမ၊ https://bit.ly/46Q7wD9

[6] ကသိုဏ်းတောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအားလုံးနီးပါးသေဆုံး တပ်စိတ်မှူးနဲ့ မိသားစုကို ဖမ်းဆီးရမိ၊ မဇ္စျိမ၊ https://bit.ly/3GA5w7o

[7] ဖလမ်း-ဟားခါးကြားတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆၀ ကျော်သေဆုံး၊ ခိုနူးသုန်၊ https://bit.ly/3RwOxZD

[8] Urgent action needed to save lives amid intensifying conflict in Myanmar, says UN expert, https://bit.ly/41et8rv

ဆက်စပ် သတင်းများ