ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အမ်းမြို့နယ်မှ ကုန်သည် ၃ ဦး ပေါက်တောမြို့နယ်တွင် ဓားပြတိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 4.4k

ထက်အောင်
နိရဥ္စရာ၊ ဇွန် ၂၃/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် အမ်းမြို့နယ်မှ သစ်ကုန်သည် ၃ ဦး ဓားပြတိုက်ခံလိုက်ရသည်ဟု သိရသည်။
ဓားပြတိုက်ခံရသူများမှာ အမ်းမြို့နယ်၊ တပ်တောင်မြို့မှ ပုဏ္ဏားကျွန်းမြို့သို့ သစ်ရောင်းရန်လာရောက်ကြသူများဖြစ်သည်။
၎င်းတို့သည် ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ ညဉ့် ၃ နာရီခန့်က အမ်းမြို့နယ်၊ တပ်တောင်မြို့မှ ပုဏ္ဏားကျွန်းသို့ မော်တော်ဘုတ်ဖြင့်ထွက်ခွာလာရာ ပေါက်တောမြို့နယ် ပြွန်တိုကျေးရွာအနီးတွင် ဓားပြတိုက်ခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ ရက္ခိတအားမာန် လူမှုကူညီရေးအသင်းမှ ဦးသာထွန်းက “ သူတို့က အမ်းမြို့နယ်က ပုဏ္ဏားကျွန်းက သစ်စက်တွေမှာ သစ်လာရောင်းတာပါ။ အဲဒီမှာ ပြွန်တိုကျေးရွာအနီးမှာ ဓားပြတိုက်ခံလိုက်ရတာလို့ သိရပါတယ်။ ကျနော်တို့ ပုဏ္ဏားကျွန်းက သစ်စက်ပိုင်ရှင်တစ်ယောက်က ညွှန်ပေးလိုက်လို့ ကျနော်တို့ဆီကို ရောက်လာတာလို့ ပြောတယ်။ အခုတော့ သူတို့တွေ ထွက်သွားကြပါပြီ။” ဟု ပြောသည်။
ဓားပြတိုက်ခံရမှုကြောင့် သစ်ကုန်သည် ဦးကျော်ကျော်နိုင်တွင် သစ်(၁) တန်ကျော်၊ ဖုန်း(၂) လုံး၊ ငွေသား (၁) သိန်း၊ ဘတ်ထရီအိုးနှင့် ဆိုလာပြားများ၊ စုစုပေါင်း ကျပ် (၁ဝ)သိန်းကျော်ဖိုး ဓားပြတိုက်ခံလိုက်ရသည်ဟု သိရသည်။
သူတို့နှင့် ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်မှ သစ်စက်ပိုင်ရှင်တစ်ဦးကလည်း “ သူတို့က အရင်တုန်းကလည်း ပုဏ္ဏားကျွန်းကိုလာပြီး သစ်ရောင်းဖို့လာဖူးပါတယ်။ ကျနော်တို့လည်း သူတို့ဆီက သစ်တွေဝယ်တာတွေရှိခဲ့တယ်။ သူတို့က သစ်တွေကို ရွာတွေမှာ ပတ်ပြီးရောင်းတာ။ အခုလိုဖြစ်သွားတော့ စိတ်မကောင်း ဖြစ်မိတယ်။” ဟု ပြောသည်။
ဓားပြလာတိုက်သူများတွင် သံတုတ်များနှင့် ဓားရှည် (၂) လက်ပါကြောင်းလည်း သိရသည်။
ဓားပြတိုက်ခံရသည့် သစ်ကုန်သည်များအနေဖြင့် ဓားပြတိုက်ခံရမှု (၃) ရက်ခန့်ကြာလာသည်အထိ သက်ဆိုင်ရာဒေသအာဏာပိုင်များထံ တိုင်ကြားထားခြင်းမရှိဟုလည်း သိရသည်။

ဆက်စပ် သတင်းများ