ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

စစ်တွေမြို့ စက်ရုံစုရပ်ကွက် ဓါးပြတိုက်မှု ရွှေ ၁၂ ကျပ်နှင့် ငွေသားသိန်း ၈၀ပါသွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 8.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၂၆/ ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် ယမန်နေ့ ညဉ့် ၁၂ နာရီခန့်က ဓါးပြတိုက်မှုဖြစ်ပွား၍ ရွှေ ၁၂ ကျပ်နှင့် ငွေသား သိန်း ၈၀ ပါသွားကြောင်း သတင်းရရှိသည်။
စက်ရုံစုရပ်ကွက် (မီးလောင်ကွင်း) တွင် နေထိုင်သည့် ဦးဖြူထွန်းသာ၏ နေအိမ်သို့ ဇူလိုင်လ ၂၅ ရက်နေ့ ညဉ့် ၁၂ နာရီခန့်က မျက်နှာများကို ဖုံးထားသည့် အမည်မသိသူ ၇ ဦးက ဝင်ရောက်ကာ ရွှေ ၁၂ ကျပ်နှင့် ငွေသား သိန်း ၈၀ ကို ဓါးပြတိုက်ယူသွားခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းက ပြောသည်။
“ခုနှစ်ယောက်မှာ လေးယောက်က အထဲကို ဝင်ပြီး အဲဒီအိမ်က ဦးဖြူထွန်းသာရဲ့ မျက်နှာကို ပုဝါနဲ့ စည်းထားတယ်။ သူ့ဇနီးကို ကြိုးတွေနဲ့ တုတ်ထားတယ်။ ကျန်သုံးယောက်ကတော့ အပြင်မှာ စောင့်ကျန်ခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ အဲဒီရွှေတွေ ငွေတွေကို ယူသွားတာပါပဲ။ သူတို့က အိမ်ရဲ့ နောက်ဖေးအပေါက်က ဝင်တာ” ဟု ပြောသည်။
၄င်းအမည်မသိသူ ၇ ဦးထံတွင် ဓါးနှင့် သေနတ်အချို့ကို ကိုင်ဆောင်ထားပြီး ဦးဖြူထွန်းသာအိမ်တွင် ပစ်စတို သေနတ်တစ်လက် ကျကျန်ခဲ့ကာ ယနေ့ နံနက်ပိုင်းက ထိုသေနတ်အား စစ်ဆေးကြည့်ရာ သေနတ်မှာ ပလတ်စတစ်သေနတ်ဖြစ်နေကြောင်း ၄င်းက ဆက်ပြောသည်။
“သူတို့မှာ ဓါးတွေ သေနတ်တွေလည်း ပါတယ်။ သေနတ် ပစ်စတို တစ်လက်က အဲဒီအိမ်မှာ ကျကျန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလက်နက်က ပလတ်စတစ်ကြီး ဖြစ်နေပါတယ်။ ညဉ့်အချိန်ဆိုတော့ ဓါးပြတိုက်တာကို ဘေးအိမ်က လူတွေလည်း မသိလိုက်ဘူးပေါ့။ သူတို့ကလည်း အော်လို့ အဆင်မပြေဘူး ဆိုတော့လေ” ဟု ပြောသည်။
ဓာပြးတိုက်ခံရသည့် နေအိမ်အား ယနေ့ နံနက်ပိုင်းက ရဲအရာရှိများက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသဖြင့် ဓါးပြတိုက်မှုနှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ဆက်စပ် သတင်းများ