ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် စက်ချွတ်ယွင်း၍ရပ်ထားသည့် ကားပေါ်မှဒရိုင်ဘာဓားထိုးခံရ၍သေဆုံး၊ ကားအကူဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 3k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၃၁/ ၂၀၂၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲလက်မောင်းအုပ်စု၊ ကံ့ကော်မြိုင်ကျေးရွာအနီး ကားစက်ချွတ်ယွင်း၍ ရပ်ထားသည့် ဘတ်စ်ကားပေါ်မှဒရိုင်ဘာ ဓားထိုးခံရပြီး ပွဲချင်းပြီးသေဆုံးကာ ကားအကူလိုက်သူမှာ ဒဏ်ရာရရှိသွား၍ ဆေးရုံတင်ထားရသည်ဟု သတင်း ရရှိသည်။

၎င်းအခင်းမှာ ယမန်နေ့ ညဉ့်အချိန  ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ပြီး  သေဆုံးသွားသူမှာ မကွေးတိုင်း၊  မင်းဖူးမြို့မှ အသက် ၃၁ နှစ်အရွယ် ဦးရဲဝင်းအောင် ဖြစ်ကြောင်း သိရသည်။

မဲလက်မောင်းအုပ်စု၊ ကံ့ကော်မြိုင်ကျေးရွာမှ ရာအိမ်မှူး ဦးဝင်းမောင်က တစ်ယောက်က ဆုံးသွားတယ် တစ်ယောက်က ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူ ပြောပြချက်အရတော့ လူနှစ်ယောက် က ဓါး တစ်ယောက် တစ်ချောင်းစီနဲ့ ရောက်လာတယ်။ သူတို့အိပ်နေတာကိုပေါ့။ ပြီးတော့ ဆုံးသွားတဲ့ သူကို ဓါးနဲ့ လှမ်းခုတ်တယ် သူ့ကိုတော့ လှမ်းထိုးတယ်ပေါ့။ အဲဒီမှာ သူက အကျယ်ကြီးအော်တော့ အဲဒီလူနှစ်ယောက်ဟာ ဓါးတွေကို ထားပြီး ကားပြတင်းပေါက်ကို ဖောက်ပြီး ထွက်ပြေးသွားတယ်လို့ ပြောပြပါတယ်။ ဓါးပြတိုက်တာမျိုးလည်း မဟုတ်ဘူးပေါ့နော်။ အဲဒီလူနှစ်ယောက်က ဝင်လာပြီး တစ်ခါတည်း တန်းခုတ်၊ တန်းထိုးတာလို့ ပြောပါတယ်ဟု ပြောသည်။

၎င်းကားသည် စစ်တွေမှ မကွေးသို့ ကြက်ဥတင်ဆောင်ရန်သွားသည့် ကုန်တင်ကားဖြစ်ပြီး  အမ်းမြို့နယ် ကံ့ကော်မြိုင် ကျေးရွာအနီးသို့ အရောက်တွင် စက်ချွတ်ယွင်းမှုဖြစ်၍ ကားကို ၎င်းကျေးရွာ၏ အနောက်ဘက် ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမကြီး၏ ဘေး၌ ရပ်ထားပြီး အိပ်စဉ် ဓါးထိုးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

၎င်းဖြစ်စဉ်ကို မဲလက်မောင်းအုပ်စု အုပ်ချုပ်ရေးမှူး  ဦးဝေလင်းကလည်း အတည်ပြုပြီး ဒဏ်ရာရသွားသူမှာ စစ်တွေမြို့မှ ကိုသန်းစိုးအောင် (၂၉) နှစ်ဖြစ်ကြောင်း၊  ၄င်း ဘယ်ဘက်ရင်ဘတ်၌ မစိုးရိမ်ရ ဓါးထိုးဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း လက်ရှိတွင် ကိုသန်းစိုးအောင်မှာ အမ်းဆေးရုံကြီး၌ ဆေးကုသမှုခံယူလျှက်ရှိကြောင်း ပြောသည်။

ကားပေါ်ကျန်ခဲ့တဲ့ ဓါးနှစ်ချောင်းက အခု ရဲလက်ကို အပ်လိုက်ပါပြီ။ ဆုံးသွားတဲ့သူ အလောင်းလည်း ဆေးရုံမှာပါ။ တရားခံနှစ်ယောက်ကတော့ လွတ်သွားပါတယ်ဟု ၎င်းက ပြောသည်။

 ယင်းကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့မရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ တရားခံအား ရှာဖွေနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ိရဥ္စရာသို့  အတည်ပြုပြောဆိုသည်။

ဆက်စပ် သတင်းများ