ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

သံတွဲတွင် မိုးကြိုးပစ်ခံရ၍ သားမိ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ၊ ၁ ဦးပျောက်ဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.8k

နှင်းနွယ်နီ
နိရဥ္စရာ၊ အောက်တိုဘာ ၇/၂၀၂၁
ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ကညင်ကုန်းအုပ်စု၊ ကျောင်းတောင်ကျေးရွာအနီး သံတွဲချောင်းတွင် ယမန်နေ့က မိသားစု ၄ ဦးစီးလာသည့် စက်လှေတစ်စီး မိုးကြိုးပစ်ခံ၍ သားမိ ၂ ဦး သေဆုံးသွားပြီး ၁ ဦးဒဏ်ရာရကာ ၁ ဦးပျောက်ဆုံးနေကြောင်း သိရသည်။
သေဆုံးသွားသူတို့မှာ ကညင်ကုန်းအုပ်စု၊ ရွာရှည်ကျေးရွာမှ မအေးအေးအောင်(၂၅ နှစ်)နှင့် သူမ၏ ၂ နှစ်သားအရွယ် သားဖြစ်သူတို့ဖြစ်ကြသည်။
ဒဏ်ရာရသူမှာ သူမ၏ ၅ နှစ်အရွယ်သားဖြစ်ပြီး ပျောက်ဆုံးနေသူမှာ သူမ၏အမျိုးသား ဦးသန်းရွှေ(၄၅ နှစ်)ဖြစ်သည်။
ယမန်နေ့ အောက်တိုဘာလ ၆ ရက် နေ့လယ် ၃ နာရီခန့်က ဦးသန်းရွွှေမောင်းနှင်လာသည့် စက်လှေသည် ကျောင်းတောင်ကျေးရွာအနီး သံတွဲချောင်းတွင် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်သည်။ စက်လှေမောင်းသူဦးသန်းရွှေမှာ ရေထဲပြုတ်ကျကာ ပျောက်ဆုံးသွားခဲ့သည်ဟုလည်း သိရသည်။
လက်ရှိတွင် သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရကလေးငယ်ကို သံတွဲခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရသည့်ကလေးမှာ မစိုးရိမ်ရဟု ဆေးရုံအုပ် ဒေါက်တာ ရဲဝင်းထွန်းက ပြောသည်။
“သံတွဲဆေးရုံကို သူတို့ မနေ့က ည ၇ နာရီကျော်ကျော်လောက်ကရောက်တယ်။ သေဆုံးတဲ့အလောင်းကို ဒီနေ့မနက်က ခွဲစိတ်တယ်။ ဒဏ်ရာရတဲ့ကလေးက ကျနော်တို့ ဆေးရုံမှာပဲ ဆေးရုံတက်နေပါတယ်။ ဒဏ်ရာက မစိုးရိမ်ရပါဘူး။ ဝမ်းဗိုက်လောက်မှာပဲ မီးလောင်ဒဏ်ရာနည်းနည်းလေးတစ်ခုပဲရှိပါတယ်။” ဟု ပြောသည်။
စက်လှေပေါ်မှပြုတ်ကျကာ ပျောက်ဆုံးနေသူ ဦးသန်းရွှေအား ကျေးရွာသားများနှင့်အတူ တာဝန်ရှိသူများက လိုက်လံရှာဖွေနေကြကြောင်း သိရသည်။
အောက်တိုဘာလ ၂ ရက်နံနက်ကလည်း မိုးကြိုးပစ်ခံရ၍ ကျောက်တော်မြို့နယ် ပေါက်တောကျေးရွာမှ အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး မင်းပြားမြို့နယ် မင်းရွာကျေးရွာမှ ၃၉ နှစ်အရွယ် ဒေါ်ကြည်ကြည်အေး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
Photo - ရခိုင်နေ့စဉ်

ဆက်စပ် သတင်းများ