ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ယူကရိန်းတောင်းပိုင်းရှိ ကာခေါ့ဗ်ကာဆည် ပေါက်ကွဲ၊ ရေ အလုံးအရင်းထွက်ကျပြီး ရေလွှမ်းမိုးမှု ဖြစ်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 483

ယူကရိန်းတောင်ပိုင်း ရုရှားထိန်းချုပ်နယ်မြေရှိ ဆိုဗီယက်ခေတ်က တည်ဆောက်ခဲ့သည့် ကာခေါ့ဗ်ကာ ဆည်ကြီး ယနေ့ ဇွန်လ(၆)ရက်နေ့ ဖောက်ခွဲခံလိုက်ရပြီး ရေများအလုံးအရင်းဖြင့် ထွက်ကျလာရာ စစ်ဖြစ်နေသော နယ်မြေတစ်ခုလုံး ရေလွှမ်းမိုးမှုဖြစ်ပေါ်နေကြောင်း ရုရှားရော ယူကရိန်းစစ်တပ်ပါ နှစ်ဖက်စလုံးက အတည်ပြုပြောကြားသည်။

 

 နှစ်ဖက်စလုံးက ဆည်ဖောက်ခွဲခံရမှုအပေါ် အပြန်အလှန်အပြစ်ပုံချလျှက် ရှိနေသည်။

 

ဆိုရှယ်မီဒီယာများပေါ်မှ အတည်မပြုနိုင်သော ဗီဒီယိုဖိုင်များတွင် ကာခေါ့ဗ်ကာ ဆည်တစ်ဝိုက် ပေါက်ကွဲပြီး ရေများ လျှံထွက်နေသည့် မြင်ကွင်းများ မြင်တွေ့ရသည်။

 

 ရုရှားနိုင်ငံပိုင် TASS သတင်းအေဂျင်စီက ခါဆန်ဒေသရှိ ကြီးမားသော နိုဗာ ကာခေါ့ဗ်ကာ ဆည်ကြီး အင်္ဂါနေ့က ဖောက်ခွဲဖျက်ဆီးခံရပြီး ထိုဒေသတွင် ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသည်ဟု ထုတ်ပြန် ကြေညာသည်။ ခါဆန်ဒေသ အုပ်ချုပ်ရေးမှူးက ကာခေါ့ကာ ဆည်တစ်ဝိုက် နေထိုင်သူများအား ပြောင်းရွှေ့ရေး စတင်ဆောင်ရွက်နေပြီဟု ဆိုသည်။

 

 " ငါးနာရီအတွင်းမှာ ရေတွေက အန္တရာယ်ရှိတဲ့ အမြင့်ထိ ရောက်ရှိလာနိုင်တယ်" ဟု ဒေသအုပ်ချုပ်ရေးမှူး အိုလက်ဆန်းဒါး ပရိုကူဒင်က နံနက် ၆:၄၅ နာရီတွင် သူ​၏ တယ်လီဂရမ်၌ ရေးသားခဲ့သည်။

 

တာ့စ်သတင်းဌာန​၏ ထုတ်ပြန်ချက်အရ ကာခေါ့ဗ်ကာဆည်ပေါက်ကွဲမှုကြောင့် ဆည်အနီးတစ်ဝိုက် လူနေရပ်ရွာ ၈၀ ခန့် ရေလွှမ်းမိုးနိုင်ဟုသိရသည်။

 

အမြင့် ပေ ၁၀၀ ရှိပြီး ၂မိုင် နီးပါးရှည်လျားသော ကခေါ့ဗ်ကာဆည်ကို ဒီနီပရိုမြစ်ပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ရန် ၁၉၅၆ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

 

ဆည်ရေလွှမ်းဧရိယာ ၁၁ စတုရန်းမိုင်ကျယ်ပြီး ခရိုင်းမီးယားကျွန်းဆွယ် တစ်ခုလုံးကို ရေပေးဝေနိုင်ပြီး ရုရှားထိန်းချုပ်မှုအောက်ရှိ ဇာပိုရစ်ဇီးယား နျူးကလီးယားဓါတ်ပေါင်းဖို ကိုပါ ရေပေးဝေသည်ဟု သိရသည်။

 

ယူကရိန်းစစ်တပ်က ကာခေါ့ဗ်ကာ ဆည်ကို ရုရှားတပ်ဖွဲ့များက ဖောက်ခွဲပစ်ခဲ့သည်ဟု ဆိုသည်။

 

 " ကာခေါ့ဗ်ကာ ဆည်ကို ရုရှားကျူးကျော်တပ်တွေက ဖောက်ခွဲပစ်ခဲ့ပါတယ်။ အပျက်အစီး ဘယ်လောက်များပြီး ဘယ်လောက်အထိ ရေလွှမ်းမယ်ဆိုတာ မသိရသေးပါဘူး" ဟု ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့ တောင်ပိုင်းစစ်ဌာနချုပ်က ဆိုသည်။

 

 ရုရှားသတင်းဌာများ​၏ အဆိုအရ ရုရှားထိန်းချုပ်နယ်မြေရှိ အဆိုပါဆည်ကို ယူကရိန်း အကြမ်းဖက်သမားများက ဒုံးကျည်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

 

ယခုချိန်ထိ အကာခေါ့ဗ်ကာဆည် ပေါက်ကွဲ ရသည့်အကြောင်းရင်းမှန်ကို အတိအကျ မသိရသေးဟု ရိုက်တာသတင်းဌာနက ဆိုသည်။

NN-27

 ref:CAN

 


ဆက်စပ် သတင်းများ