ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ဝဂ္ဂနာကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင် လေယာဉ်ပျက်ကျ၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 608

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက သမ္မတပူတင်အား တော်လှန်ပုန်ကန်ခဲ့သည့် ရုရှား ဝဂ္ဂနာကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ပရီဂိုဇင်မှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက မော်စကိုမြောက်ပိုင်းတွင် ပျက်ကျသွားသည့် လေယာဉ်နှင့်အတူ သေဆုံးသွားပြီဟု သိရှိရသည်။

 

ရုရှား အရေးပေါ်ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ကိုယ်ပိုင်လယာဉ်တစ်စီး ကူဇင်ကီနို ကျေးရွာအနီးပျက်ကျသွားကြောင်း နှင့် လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသွားသူများထဲတွင် ဝဂ္ဂနာကြေးစားတပ်၏ ခေါင်းဆောင် ပရီဂိုဇင်နှင့် အတူ အဓိကတပ်မှူး ဒီမီထရီဥတကင်လည်း ပါဝင်သည်ဟု သိရသည်။

 

ဝဂ္ဂနာတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်အပါအဝင် လူ ၁၀ ဦးလိုက်ပါလာသည့် လေယာဉ်ငယ်သည် မော်စကိုမှ စိန့်ပီတာစဘတ်သို့ ပျံသန်းလာစဉ် ပျက်ကျသွားခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

လေယာဉ်ပျက်ကျရာနေရာမှ မီးလောင်ထားသော ရုပ်အလောင်း ၁၀ လောင်းကို တွေ့ရှိခဲ့သည်ဟု ရုရှားနိုင်ငံပိုင်သတင်းဌာနက ကြေညာသည်။

 


 

ရုရှားစစ်ဗိုလ်ချုပ်ကြီးများ၏ ယူကရိန်းစစ်ပွဲ စီမံခန့်ခွဲပုံကို ကျေနပ်မှုမရှိသည့်အတွက် ပရီဂိုဇင်သည် ပြီးခဲ့သည့် ဇွန်လ ၂၃ရက်က မော်စကိုသို့ ချီတက်ခဲ့သည်။ သို့သော် သူ၏ ပုန်ကန်မှုမှာ နှစ်ဖက် ညှိနှိုင်းပြီးနောက် ၂၄ နာရီအတွင်း ပြီးဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ ပရီဂိုဇင်သည် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပြီး မထင်မရှားနေထိုင်ခဲ့သည်။

 

သူ့အားနောက်ဆုံး မြင်တွေ့ခဲ့ရသည်မှာ ပြီးခဲ့သည့်တစ်ပတ်က ဗီဒီယိုဖိုင်တစ်ခုတွင် မိန့်ခွန်းပြောနေပုံဖြစ်သည်။ ထို ဗီဒီယိုမှာ အာဖရိကတစ်နေရာတွင် လွန်ခဲ့သည့် နှစ်များက ရိုက်ကူးခဲ့သည်ဟုဆိုသည်။

 

ဝဂ္ဂနာကြေးစားတပ်ဖွဲ့ကို ၂၀၁၄ခုနှစ်က စတင်ထူထောင်ခဲ့ပြီး ရုရှား၏ ယူကရိန်းစစ်ပွဲတွင် ပြီးခဲ့သည့် ဇွန်လအထိ တက်ကြွစွာပါဝင်ခဲ့သည်။

 

NN-27

ref:BBCWorld

ဆက်စပ် သတင်းများ