စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဘူတန်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်အခွန်ဖြင့် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကို မျှတအောင် ထိန်းညှိပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 901

ဟိမဝန္တာတောင်တန်းဒေသရှိ ဘူတန်နိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများထံမှ ကောက်ယူရရှိသော အခွန်ငွေကို အသုံးပြုကာ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မျှတအောင် ထိန်းညှိပေးလျှက်ရှိသည်ဟု သိရသည်။

သာယာလှပသော ဘူတန်နိုင်ငံ​တွင် သန့်ရှင်းရေးအဖွဲ့များသည် သစ်တောများနှင့် တောင်ပေါ် လမ်းများတစ်လျှောက် ကမ္ဘာလှည့်ခရီးသည်များ ပစ်ချထားခဲ့သည့် ရေသန့်ဗူးခွံများ၊ စွန့်ပစ်ပစ္စည်းများ၊ ခြုံပုတ်များနှင့် သစ်ကိုင်းများပေါ် တင်နေသော ပလတ်စတစ်အိတ်များ လိုက်လံရှာဖွေ ကောက်ယူနေသည်ကို မြင်တွေ့နိုင်သည်။

အဆိုပါသန့်ရှင်းရေးအဖွဲ့များ အလုပ်လုပ်ရန် လိုအပ်သော ငွေကို ဘူတန်အစိုးရ  ကမ္ဘာလှည့် ခရီးသည်များထံမှ ကောက်ခံရရှိသော အခွန်ငွေမှ ခွဲဝေရရှိသည်။

ဘူတန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ကမ္ဘာလှည့်ခရီးသည် မတန်တဆလာရောက်မှု ရှောင်ရှားခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ထိန်းညှိထားနိုင်ခဲ့သည်။

ထို့ကြောင့် ဘူတန်သည် တောင်အာရှတွင် ကာဘွန်ထုတ်လွှတ်မှု ကင်းမဲ့သောနိုင်ငံတစ်ခုအဖြစ် ထင်ရှားခဲ့သည်။


ဘူတန်အစိုးရသည် "
ရေရှည် ဖွံ့ဖြိုးရေး စရိတ်" ( Sustainable Development Fee) အဖြစ် ဘူတန်သို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်တစ်ဦးထံမှ ယခင်က နေ့စဉ် ဒေါ်လာ ၂၀၀ ကောက်ခံနေရာမှ ပြီးခဲ့သည့်အပတ်က ဒေါ်လာ ၁၀၀ သို့ လျှော့ချပေးခဲ့သည်။  

 

ယခုကဲ့သို့ ကောက်ခံခြင်းဖြင့် ဒေသစီးပွားရေးနှင့် အလုပ်အကိုင်ကို အထောက်အကူဖြစ်စေရုံမက ရာသီဥတုပြောင်းလဲမှု​၏ ရိုက်ခတ်ချက်နှင့် ရင်ဆိုင်နေရသည့် ယခုချိန်တွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများမှ ထိန်းသိမ်းကာကွယ်ထားနိုင်ခဲ့သည်။

 

ဘူတန်​၏ ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ အခြေခံမူမှာ " တန်ဘိုးမြှင့်- အရေအတွက်နည်း" ( high-value, low-volume ) ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များထံမှ ကောက်ခံရရှိသော အခွန်ငွေများဖြင့် လမ်းပန်းဆက်သွယ်ရေးအပါအဝင် အခြေခံအဆောက်အအုံများ မြှင့်တင်ခြင်း၊ သဘာဝ နှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခြင်း၊ လျှပ်စစ်သယ်ယူပို့ဆောင်ရေးတွင် ရင်းနှီးမြှုပ်နှံခြင်းတို့ ဆောင်ရွက်နေသည်ဟု ဘူတန်အရာရှိများက ပြောကြားသည်။

 

လူဦးရေ ၈၀၀၀၀၀ သာရှိသော ဘူတန်နိုင်ငံ​၏ ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ အခြေခံမူကို အခြားနိုင်ငံများကလည်း ယခုအခါ လိုက်လံကျင့်သုံးမှု ရှိလာသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါဘေးအလွန်ကာလတွင် ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်လာမှုမှ ဝင်ငွေတိုးတက်ရရှိရေး လုပ်ဆောင်လာခဲ့ကြသည်။

 

သို့သော် မတန်တဆလာရောက်သည့် ခရီးသည်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ညစ်ညမ်းမှု ဖြစ်စေခြင်းများနှင့်လည်း ရင်ဆိုင်ကြရသည်။

 

ကမ္ဘာလှည့်ခရီးသည် အရေအတွက် များပြားမှုကို အခြေခံ၍ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာခြင်းမှာ ခေတ်မမီတော့ဟု ရေရှည်ဖွံ့ဖြိုးရေးပညာရှင်များက ထောက်ပြကြသည်။

 

နိုင်ငံအများအပြားက ကမ္ဘာလှည့်ခရီးသည်ခွန် ကောက်ခံနေကြသော်လည်း ရရှိသောအခွန်ငွေကို ဘူတန်နိုင်ငံကဲ့သို့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ပြန်လည် သုံးစွဲခြင်းမရှိဟုဆိုသည်။

 

NN-27

ref: Thefinancialexpress

ဆက်စပ် သတင်းများ