သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မော်ရိုကို ငလျင် သေဆုံးသူ ၂၀၀၀ ကျော်သွားပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 652

“ဘုရင်မိုဟာမက်က ဝမ်းနည်းခြင်းအထိမ်းအမှတ် သုံးရက်သတ်မှတ်ကြောင်း ကြေညာ”

ပြီးခဲ့သည့် သောကြာနေ့က မော်ရိုကိုနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူဦးရေမှာ ၂၀၀၀ ကျော်သွားပြီဟု မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာသည်။

 

ဒဏ်ရာရရှိသူပေါင်း ၁၄၀၀ ကျော်သွားပြီး ထိခိုက် သေဆုံးမှုအများဆုံးမှာ မာရာကက်ရှ်တောင်ပိုင်း ပြည်နယ်များဖြစ်သည်ဟု ပြည်ထဲရေးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 

မော်ရိုကိုဘုရင် မိုဟာမက်(၆)က တစ်နိုင်ငံလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် သုံးရက် သတ်မှတ်ကြောင်း ကြေညာပြီး ငလျင်ဘေးမှ လွတ်မြောက်လာသူများအတွက် ခိုလှုံရာနေရာ၊ ရိက္ခာ နှင့် အကူအညီအထောက်ပံ့များ ပေးရန် တိုက်တွန်းထားသည်။

 

ငလျင်ဘေးမှ လွတ်မြောက်လာသူအများအပြားသည် ဒုတိယညအထိ အကာကွယ်မဲ့ ဟင်းလင်းပြင်ပေါ်၌ ညအိပ်ခဲ့ရသည်။

 

ငလျင်ပြင်းအား မဂ္ဂနီကျု ၆ ဒဿမ ၈ ရှိ ငလျင်သည် မာရာကက်ရှ် နှင့် မြို့အများအပြားတွင် သောကြာနေ့ညက လှုပ်ခတ်ခဲ့သည်။

 

ငလျင်ဒဏ်ကြောင့် ဝေးလံသော တောင်ကုန်းဒေသများတွင် ရွာလုံးကျွတ်နေအိမ်များ ပြိုကျခဲ့သည်ဟု သိရသည်။

 

ငလျင်ဗဟိုပြုလှုပ်ခတ်ရာ နေရာမှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် မာရာကက်ရှ်မြို့ အနောက်တောင်ဘက် ၇၁ ကီလိုမီတာ(၄၄မိုင်) အကွာဖြစ်သည်။



 

ငလျင်လှိုင်းရိုက်ခတ်မှုကို ကီလိုမီတာ ၃၅၀ ဝေးကွာသည့် မြို့တော် ရာဘတ်၊ ကာဆာဘလန်ကာ၊ အဂါဒီယာ နှင့် အဆာအူယာမြို့များအထိ သိရှိခံစားရသည်။

 

မာရာကက်ရှ်တောင်ပိုင်းရှိ အယ် ဟာအုဇ် နှင့် တာရူဒန့်ပြည်နယ်များတွင် ထိခိုက်သေဆုံးမှု ပိုမိုများပြားသည်ဟု ပြည်ထဲရေးဌာနက ဆိုသည်။ အထူးသဖြင့် တောင်ပေါ်ဒေသကျေးရွာများရှိ ရွှံ့အုတ်၊ ကျောက်တုံး၊သစ်သားတို့ဖြင့် တည်ဆောက်ထားသည့် နေအိမ်များအားလုံး ပြိုကျပျက်စီးခဲ့သည်ဟု ဆိုသည်။

 

တောင်ပြို၊ မြေပြို လမ်းပိတ်နေ၍ ဆက်သွယ်ရေးပြတ်တောက်နေသော အဆိုပါဒေသများတွင် အသေအပျောက် မည်မျှရှိမည်ကို မမှန်းဆနိုင်သေးဟု သိရသည်။

 

အဆိုပါကျေးရွာသို့ ရောက်ရှိခဲ့သော ဘီဘီစီသတင်းထောက်တစ်ဦးက နေအိမ်တစ်ခုရှေ့တွင် အလောင်း ၁၈လောင်းနှင့်အတူ ငိုကြွေးနေသော အဖွားအိုတစ်ဦးကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

 

လာမည့် သုံးရက်အတွင်း အများပြည်သူအဆောက်အဦးများတွင် အလံတိုင်ဝက် လွှင့်ထူထားရန် ဘုရင့်နန်းတော်က ကြေညာထားပြီး မော်ရိုကို စစ်တပ်က ဒုက္ခသည်များအား အကူအညီပေးရန် ဘုရင်က တိုက်တွန်းထားသည်။

 

ယခု ငလျင်မှာ ၁၉၆၀ ပြည့်နှစ်က အဂါဒီယာတွင် လူပေါင်း ၁၂၀၀၀ သေဆုံးခဲ့ရသော အင်အား ၆ ဒဿမ ၇ ရှိ ငလျင်လှုပ်ပြီးနောက်ပိုင်း အပြင်းထန်ဆုံးငလျင် ဖြစ်သည်ဟု သိရသည်။

 

NN-27

Ref/BBCWorld/Reuters

Photo: Internet

ဆက်စပ် သတင်းများ