တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ကွန်ဂရက်ကို ကျော်လွန်၍ အစ္စရေးသို့ တင့်ကားသုံး အမြောက်ကျည်များ ရောင်းချရန် ဘိုင်ဒင်အစိုးရ ဆုံးဖြတ်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 654

သမ္မတ ဘိုင်ဒင်အစိုးရသည် အစ္စရေးသို့ တင့်ကားသုံးအမြောက်ကျည်များ အရေးပေါ်ရောင်းချရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုကြေညာခဲ့သည်။

 

ဂါဇာတောင်ပိုင်းဒေသ၌ စစ်ဆင်ရေးတိုးမြှင့်နေသည့် အစ္စရေးစစ်တပ်အတွက် ဒေါ်လာ ၁၀၆ သန်းတန်ဖိုးရှိ တင့်ကားသုံး အမြောက်ကျည် ၁၄၀၀၀ ကို အရေးပေါ် ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

လွှတ်တော်အတွင်း အမေရိကန်လူဝင်မှုဆိုင်ရာ မူဝါဒ နှင့် နယ်စပ်လုံခြုံရေးအတွက် အပြန်အလှန် ငြင်းခုန်နေကြစဉ် သမ္မတဘိုင်ဒင် တောင်းခံထားသည့် ယူကရိန်း၊ အစ္စရေး နှင့် အခြားနိုင်ငံအချို့၏ လုံခြုံရေးအတွက် ဒေါ်လာ ၁၀၆ ဘီလျံကိစ္စ မှေးမှိန်နေခိုက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

 

 နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က အမေရိကန်အမျိုးသားလုံခြုံရေး အကျိုးစီးပွါးအတွက် အရေးပေါ်ထွက်ပေါက်အဖြစ် လိုအပ်နေသော အမြောက်ကျည်ရောင်းချရေးကို ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ကွန်ဂရက်ကို အသိပေးခဲ့ခြင်းဖြစ်သည်။



 

ယခုကဲ့သို့ ပြည်ပနိုင်ငံသို့ လက်နက်ရောင်းချမှုကို ကွန်ဂရက်က အတည်ပြုမှသာ ပြုလုပ်နိုင်သော်လည်း တစ်ခါတရံတွင် အတည်ပြုချက်မယူတော့ဘဲ ဆုံးဖြတ်လေ့ရှိရာ ယခုဆုံးဖြတ်ချက်မှာ ရှားရှားပါးပါး ဆုံးဖြတ်ချက် တစ်ခုဖြစ်သည်။

 

အစ္စရေးသို့ အရေးပေါ်ရောင်းချရန် ဆုံးဖြတ်လိုက်သည့် ဒေါ်လာ ၁၀၆ သန်း တန်ဖိုးရှိ တင့်ကားသုံး အမြောက်ကျည်များတွင် ၁၂၀ မမ ပေါက်ကွဲအားပြင်းထန်သော ဘက်စုံသုံး တင့်ကားဖျက်ကျည်ဆံများ နှင့်အတူ နည်းပညာအကူအညီ၊ သယ်ယူရွှေ့ပြောင်းရေး စသည်တို့ ပါဝင်သည်ဟု သိရသည်။

 

ကွန်ဂရက်၏ အတည်ပြုချက်ကို ရယူခြင်းမရှိဘဲ ပြည်ပနိုင်ငံများသို့ အရေးပေါ် လက်နက် ရောင်းချခြင်းမှာ သမ္မတ ဒေါ်နယ်ထရန့်လက်ထက်က ဖြစ်ပေါ်ခဲ့ဖူးပြီး လွှတ်တော်အမတ်များ၏ ကန့်ကွက်မှု နှင့်ရင်ဆိုင်ခဲ့ရသည်။

 

ထိုစဉ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ဆောဒီအာရေဗျ၊ ယူအေအီး နှင့် ဂျော်ဒန်နိုင်ငံများသို့ ဒေါ်လာ ၈.၁ဘီလျံဖိုး လက်နက်များ အရေးပေါ်ရောင်းချခဲ့သည်။

 

အမေရိကန်အစိုးရ လေးဆက်က ယခုကဲ့သို့ လွှတ်တော်အတည်ပြုချက်မယူဘဲ လက်နက်ရောင်းချမှုပြုခဲ့ဖူးသည်။

 

ပင်လယ်ကွေ့စစ်ပွဲဖြစ်ပွါးစဉ်က အမေရိကန်သမ္မတ ဂျော့အိတ်ချ်ဒဗလျူ ဘုရှ်သည် ဆော်ဒီအာရေဗျသို့ လက်နက်အလျင်အမြန်ရောက်ရှိအောင် ရောင်းချခဲ့ဖူးသည်ဟု ဆိုသည်။

NN-27

ref:CNA

ဆက်စပ် သတင်းများ