စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်နေရာကို တသီး ပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်ထုမေနဲ့ တစ်ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

အိမ်စိုးဖြူမေးမြန်းသည်။
၁ဝ-၁ဝ-၂ဝ၂ဝ

မေး- ဆရာမအနေနဲ့ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဘယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေပါသလဲ။
ဖြေ- ကျွန်မကတော့ လက်ရှိ ရခိုင်ပြည်နယ် မြေပုံနဲ့အမ်းမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီးအခု လာမယ့် ၂ဝ၂ဝခုနစ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာကို တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

မေး-၂ဝ၂ဝ ရွေးကောက်ပွဲကို ဆရာမအနေနဲ့ ဘာကြောင့် ရန်ကုန်တိုင်းဒေသကြီးကဝင်ပြိုင်ဖို့ ဆုံးဖြတ် ရတာပါလဲ။
ဖြေ- ကျွန်မအနေနဲ့ဒီရွေးကောက်ပွဲကိုဘာကြောင့်ဝင်ပြိုင်ရလဲဆိုရင် ပြည်သူတွေဆီက ပြည်သူ့ကိုယ်စား လုပ်ရတဲ့အလုပ်ကို ကျွန်မအနေနဲ့ မြတ်နိုးသလို တကယ်ဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ လိုအပ်တဲ့ ပြုပြင်မှုတွေကို ကျွန်မတို့ိနိုင်ငံရေးသမားတွေက ပြင်ဆင်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူ့ကို ကိုယ်စား ပြုပြီးတော့ ပြည်သူတွေရဲ့ လိုအပ်ချက်၊ ပြီးတော့လူမျိုး တွေရဲ့လိုလားချက်တွေကို ဆောင်ရွက်ဖို့ရာ လွှတ်တော်တွေ (သို့မဟုတ်) တိုင်းဒေသကြီးတွေမှာ ကိုယ်စားပြုမှုတွေလို ပါတယ်။ ဒီကိုယ်စား ပြုမှုတွေ ကနေသာ ပြည်သူတို့ရဲ့ လိုအပ်ချက်အကြောင်းအရာတွေကို ပြင်ဆင်သွားမှာဖြစ်သလို အထူးသဖြင့် ကျွန်မ အနေနဲ့ ဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာ ဖက်ဒရယ်တည်ဆောက်ရေးအတွက် လိုအပ်မယ့် လူတန်းစား အရင်း မြစ်ကို အခုလက်ရှိမှာ ဆိုရင် စီးပွားရေးအရရော၊ နိုင်ငံရေးအရရောဆောင်ရွက်လို့ရတယ်။ နောက်တစ်ခုက နိုင်ငံတကာ သံတမန်တွေနဲ့ ချိတ်ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ ရတဲ့ ရန်ကုန်တိုင်း ဒေသကြီးကနေ ဝင်ရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။ အဲ့လိုဝင်ရောက်ယှဉ်ပြိုင်တဲ့ အခါမှာ ရန်ကုန်တိုင်းမှာ ရှိတဲ့ ရခိုင်ပြည်သူ လူထုနဲ့ အတူတူ ရခိုင်ပြည်နယ်အတွက် လူသားအရင်းအမြစ်တွေကို မွေးထုတ်ပေးချင်တယ်။ ကျွန်မတို့အနေနဲ့ ကဏ္ဍစုံကနေ လူငယ်တွေကို မြှင့်တင်ရင်းနဲ့ အခုရန်ကုန်ကို ရောက်နေကြတဲ့ အလုပ်သမားရေးရာ ကဏ္ဍတွေကို မြှင့်တင်ပေးဖို့ လိုအပ်တယ်။နောက်တစ်ခုက ပြည်သူတွေရှေ့ ကနေ မားမားမတ်မတ် ရပ်တည်သွားမှာမို့လို့ ဒီကိုယ်စားလှယ်အနေ နဲ့ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်ရှင့်။

မေး- အစ်မအနေနဲ့ရွေးကောက်ပွဲမှာ အနိုင်သာရရှိခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်သွားဖို့ရှိပါသလဲ။
ဖြေ- ကျွန်မအနေနဲ့ရွေးကောက်ပွဲမှာ အနိူင်သာရရှိခဲ့မယ်ဆိုလို့ရှိရင် ဆောင်ရွက်သွားမယ့် ကိစ္စတွေ ပြင်ဆင် ထားတာရှိပါတယ်။ အဲ့ဒါတာကျွန်မရဲ့မူဝါဒတွေဖြစ်ပါတယ်။ ပထမတစ်ခုကဘာလဲ ဆိုရင်ရန်ကုန်မှာ နေကြတဲ့ ရခိုင်လူ မျိုးများရဲ့ လူမှုစီးပွားဘဝ လုံခြုံရေးနဲ့မြင့်တင်ရေးဘဲဖြစ်ပါတယ်။ အဲ့လိုမျိုး လူမှုစီးပွား ဘဝလို့ ပြောလိုက်ပြီ ဆိုလို့ရှိရင် ကျွန်မတို့ အလုပ်အကိုင် အခွင့်အလမ်းတွေရှိကြတယ်။ ပြီးလို့ရှိရင် လူငယ်များရဲ့ အသက်မွေး ဝမ်းကျောင်းမူတွေရှိ ကြတယ်။ လူငယ်များရဲ့အဆင့်မြင့်ပညာတွေပိုပြီးတော့ လက်လှမ်းမီဖို့ ပြင်ဆင်ရမှာတွေရှိတယ်။ နောက်နောင် အနာဂတ်ခေါင်းဆောင်တွေအတွက် ကဏ္ဍစုံမှ ခေါင်းဆောင် ကောင်းတွေ ပေါ်ပေါက်လာဖို့အတွက်၊ နောက်တစ်ခုက ဦးဆောင်မှု အခန်းကဏ္ဍမှပေါ်ပေါက် လာဖို့ အတွက် လေ့ကျင့်ပျိုးထောင်ပေးဖို့ ရန်ကုန်တိုင်းမှနေပြီးတော့ ကျွန်မ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးသာ အရွေး ခံရမယ်ဆိုရင် ရခိုင်စင်တာတစ်ခု တည်ဆောက်ဖို့စတဲ့ ဒါတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ရခိုင်ပြည်နယ်မှာ စစ်ဘေးပဋိပက္ခတွေ ကြားထဲကနေ ရန်ကုန် ကိုရွေ့ပြောင်းလာတဲ့အလုပ်သမားတွေ အများကြီးရှိပါတယ်။ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဆောင်ရွက်တဲ့အခါမှာ လုပ်ငန်ခွင်ကြောင်းတွေကိုလည်း ကျွန်မတို့ ရခိုင်စင်တာကနေပြီးတော့ သင်တန်းတွေပေးပြီး တော့ ဆောင်ရွက် သွားမယ့် အခြေအနေတွေရှိနေပါတယ်။ နောက်တစ်ခုက အလုပ်သမား အခွင့်အရေး တိုးတက်ရေးမှာလည်းဘဲ ရန်ကုန်မှာနေကြတဲ့ ရန်ကုန်မှာ အလုပ်လုပ်နေကြတဲ့ တစ်ခြားသော ရခိုင် အဖွဲ့အစည်းတွေ ရှိကြပါ တယ်။ သူတို့တွေဟာ ဆိုလို့ရှိရင်အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက် နေကြတာ ဖြစ်ပါတယ်။ သူတို့နဲ့ ချိတ်ဆက်ပြီး လို့ရှိရင် ရန်ကုန်ရောက် ရခိုင်အလုပ်မားများရဲ့ အခွင့်အရေး တိုးတက်အောင်၊ လုပ်ငန်းခွင် ပြဿနာဖြေရှင်းအောင် အသက်မွေး ဝမ်းကျောင်း လုံခြုံမူပိုပြီးတော့ ကာကွယ်မှု ရရှိအောင် ကျွန်မအနေနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်စားပြုမှုမှာ အမျိုးသမီးအခန်းကဏ္ဍဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံလူဦးရေ ရဲ့ ထက်ဝက်ကျော် မျှရှိသလိုဘဲ ရန်ကုန်ရောက် နေကြတဲ့ရခိုင်ပြည်က အမျိုးသမီးငယ်တွေ မြောက်များစွာရှိတယ် ဆိုတာ ကျွန်မသိရှိထားပါတယ်။ အထူးသဖြင့် ရွေပြည်သာ၊ လိူင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ နောက်ပြီးတော့ ဒဂုံဆိပ်ကမ်းပေါ့နော်။ ဒီလိုမျိုးနေရာတွေမှာ အမျိုးသမီး ငယ်တွေဟာ အဆောင်မှာ အများကြီးနေနေကြတဲ့ အခြေအနေတွေကို ကျွန်မရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်တဲ့ အခါမှာ လေ့လာသိရှိရပါတယ်။ ဒီအမျိုးသမီးများ ဘဝလုံခြုံမှုနဲ့ သူတို့ရဲ့ လုပ်ငန်းခွင် မြင့်မားဖို့ကိုလည်း ကျွန်မတို့ ရခိုင်စင်တာကနေပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ချက်က မဖြစ်မနေဆောင်ရွက်ရမယ်တွေရှိနေပါတယ်။ အဲဒါတွေက ဘာလဲဆိုလို့ရှိရင် ဥပဒေမှာလည်းပြဒါန်းထားတယ်။ တိုင်းရင်းသားများ အခွင့်အရေးမှာ ပါဝင်တဲ့ တိုင်းရင်းသား ပညာရေးမှာ အားနည်းတဲ့ ပညာရေး ဒေသတွေမှာ သို့မဟုတ်ရခိုင်ပြည်က နေရန်ကုန်ရောက် ရခိုင်လူမျိုးတွေက နေပြီးတော့ ပညာရေးကို ဆောင်ရွက်သွားမယ်။ စီးပွားရေးကိုတော့စီးပွားရေး ကျွမ်းကျင်သူတွေနဲ့ညှိနိူင်းပြီးတော့မှ ကျွန်မကနေပြီး တော့ဥပဒေအရအခွင့်အရေးတွေ ဆိုရင် ပူးပေါင်းဆောင်ရွက်သွားမြှာ ဖစ်ပါတယ်။ နောက်တစ်ခုက ရခိုင်စာပေနှင့်ယဉ်ကျေးမှူပါ၊ဒီရခိုင်နဲ့စာပေယဉ်ကျေးမှူအနုပညာဆိုလို့ရှိရင်ဂျင်လုပ်တဲ့အခါမျိုး၊ဦးဥတ္တမပွဲတို့ ဆောင်ရွက်တဲ့ အခါမျိုး တို့ဒီလိုမျိုးပွဲတွေကနေပြီးတော့ ၁၂လမှာရှိတဲ့ ရခိုင်အပါအဝင်ရန်ကုန်ရောက်နေကြတဲ့ တစ်ခြားရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ဒီအခွင့်အရေးကို ကာကွယ်ရုံမကဘဲနဲ့ သူ တို့ရဲ့ ရိုးရာယဉ်ကျေးမှူကိုလည်း ထိန်းသိမ်းမြင့်တင် သွားဖို့ရှိပါတယ်။ အထူးသဖြင့် ကျွန်မဘက်က ဆောင်ရွက်ပေးမှာက ဘာလဲဆိုလို့ရှိရင် ကျွန်မသည် လွှတ်တော်မှာ၅နှစ်တာ အတွေ့အကြုံရှိတဲ့ အတွက်ကြောင့်မို့  ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်တွေရော မကဘဲနဲ့ အစိုးရနဲ့ ဆောင်ရွက်ချက်တွေလည်း ပါဝင်သလို ကျွန်မရဲ့ ဒီရန်ကုန်ကို ရောက်နေကြတဲ့ ရခိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် ဖက်ဒရယ် တည်ဆောက်ရေးမှာ လူသား အရင်းမြစ်ကို တစ်ခြား ကိုယ်စားလှယ်တွေနဲ့ မတူဘဲ ပညာရေး၊ နိူင်ငံတကာ ဆက်ဆံရေး၊ ပြီးလို့ရှိရင် ကျွန်မတို့သည်ရခိုင်လူမျိုး အတွက်ဘဲ  ရန်ကုန်နေ ရခိုင်လူမျိုးများအတွက် ထူထောင်ပြီးလို့ ရှိရင် ရခိုင်ပြည်နယ် အတွက် ဆောင်ရွက်ပေးနိူင်တဲ့ အမျိုးသားရံပုံငွေလိုမျိုး တစ်ရပ် ထူထောင် သွားဖို့ရန်ကို ဥပမာအားဖြင့် အစ ပြုသွားမှာပါရှင့်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ကျွန်မတို့မြန်မာနိူင်ငံမှာ ဆိုရင် မြန်မာနိုင်ငံသားများဘဏ် ရှိကြတယ်။ ကျွန်မတို့ကလည်း ရန်ကုန်ရောက် ရခိုင်တွေ အခုဆိုလို့ရှိရင် မဲပေးပိုင်ခွင့်ရှိသူတွေ တစ်သိန်း တစ်သောင်းကျော် ပါတယ်။ ဒါတွေက မဲပေးပိုင်ခွင့်ရှိတဲ့ စာရင်းရှိသူတွေဘဲ ဖြစ်ပါတယ်။ စာရင်းထဲမှာမပါတဲ့ သူတွေအများကြီးရှိတယ်။ ဆိုတော့ ဒီလိုမျိုးကနေ အမျိုးသား ရံပုံငွေ ထူထောင်တဲ့ အခါမှာ ကျွန်မတို့ ရခိုင်လူမျိုး တစ်ယောက်က ဥပမာအားဖြင့် တစ်ထောင်ထည့်ဝင်ငွေ၊ တစ်သောင်းထည့်ဝင်ငွေကို စနစ်တကျ စီမံပြီးလို့ရှိရင် ရခိုင်ပြည်နယ် တည်ဆောင်ရေးမှာ နည်းပညာ ပိုင်းဆိုင်ရာတွေ၊ လူသားစွမ်းအား အရင်းမြစ်ဆိုင်ရာတွေကို ဆောင်ရွက်သွားမယ်လို့ ကျွန်မအနေနဲ့တော့ အစီအစဉ် ရေးဆွဲထားတာရှိပါတယ်။ နောက်ပြီးတော့ ရန်ကုန်နေကြတဲ့ ရခိုင်တွေနဲ့ Public consultation လုပ်ပြီး လို့ရှိရင်စနစ်တကျ ဆောင်ရွက် သွားဖို့ ရှိပါတယ်ရှင့်။


 မေး- အစ်မအနေနဲ့ မဲဆန္ဒရှင်တွေကို ဘာများထပ်ပြောချင်ပါသလဲ။
ဖြေ- အခုလက်ရှိမှာမဲဆန္ဒရှင်တွေကို ဘာပြောချင်လဲဆိုလို့ရှိရင် ကိုဗစ် ကာလမို့ ကမ္ဘာ့ကိုဗစ်ကပ်ဘေး အချိန် အတောတွင်းမှာ နေပြီးတော့ကျန်းမာရေးကို အထူးဂရုစိုက်ပြီးတော့ နေကြပါ။ ဒီလိုမျိုးနေတဲ့ အခါမှာလည်း မိမိတို့ရဲ့ နိုင်ငံသား အခွင့်အရေး မဆုံးရူံးရအောင်၊ ရခိုင်လူမျိုးတစ်ယောက်ရဲ့ အခွင့်အရေး မဆုံးရှုံးရအောင် ၁ဝရက်နေ့ထိနေပြီးတော့မိမိနေထိုင်တဲ့ရပ်ကွက်မှာ ရပ်ကွက်ကော်မရှင်ရုံး အဖွဲ့ခွဲကနေပြီးတော့ ကိုယ့်ရဲ့ မဲစာရင်းပါ မပါကြည့်စေချင်ပါတယ်။ ဒီလိုမျိုးကြည့်ဖို့ အခက်အခဲရှိတဲ့သူတွေ အများကြီး ရှိနေတာ တွေ့ရပါတယ်။ အဲဒီ အတောအတွင်းထဲကနေ နေပြီးတော့ ဒီ စက်ရုံတွေမှာ အလုပ် လုပ်နေကြတဲ့ အမျိုးသမီး ငယ်တွေကို ပါတီတွေကရော၊ ပြီးလို့ရှိရင် ကျွန်မတို့လိုတစ်သီး ပုဂ္ဂလကိုယ်စားလှယ်ရဲ့ ကိုယ်စား လှယ်တွေမှ တစ်ဆင့်ရော မဲပေးပိုင်ခွင့်ရအောင် ဆောင်ရွက်လျှက် ရှိကြပါတယ်။ ဒီလိုမျိုး ဆောင်ရွက်တဲ့ အခါမှာ ကျွန်မ မြေပြင်မှာ တစ်ခုကြားရပါတယ်။ ဒီပါတီကနေပြီးတော့ဒီဖောင်တွေကို ဖြည့်ပေးရလို့ ဒီပါတီကို မဲပေးရမယ်။ ဒီကိုယ်စားလှယ်တွေရဲ့ ဖောင်ကိုဖြည့်လို့ တစ်ကယ်တမ်း ရွေးကောက်ပွဲမှာ ဒီကိုယ်စားလှယ် တွေကို ဘဲမဲပေးရမယ်ဆို တဲ့ သတင်းအချက်အလက် တွေဟာ လုံးဝမှားပါတယ်။ ရခိုင်ပြည်သူထူထု တစ်ယောက် အနေနဲ့ မိမိယုံကြည်တဲ့၊ မိမိတို့ ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်တွေကို မဲရုံတွေက နေပြီးတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ လွတ်လပ်စွာ၊ အမှီအခိုကင်းစွာ၊ အကြောက်တရားကင်းစွာ၊ မဲပေးလို့ ရပါတယ်။ ဒါဟာ လျို့ဝှက်မဲ ဖြစ်တဲ့ အတွက် ကြောင့်မို့လို့ ကိုယ့်အတွက် မဲပေးဖို့ဆောင်ရွက်တဲ့ အခါမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်များရဲ့ ပြည်သူ လူထုအကုန်လုံးပါဝင် လာအောင် ဆောင်ရွက်နိူင်ခွင့် မရှိဟုတ် မဟုတ် ကိုယ်ကနေ မဲစာရင်း သွားမကြည့်တဲ့ အတွက်ကြောင့်မို့လို့ ဘခုချိန်ထိ ကိုယ်က မဲစာရင်းထဲမှာ မပါနေတာ။ ပါအောင်ဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်တွေကိုတော့ အတိုင်းအတာတစ်ခု အထိကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပါအောင်ဆောင်ရွက်ပေးရလို့ ဒီလူကိုဘဲ မဲပေးရမယ်ဆိုတာက မဟုတ်ပါဘူး။ မိမိကြိုက်နှစ်သက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိပါတယ်။နောက်တစ်ချက်ကနေပြီးတော့ ပြီးခဲ့တဲ့ ၂ဝ၁ဝ-၂ဝ၁၅မှာ ဆိုလို့ရှိရင် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးကို တစ်ယောက်ဘဲများသောအားဖြင့် ရခိုင်ပါတီတွေက ဝင်ရောက် ပြိုင်ကြတယ်။ ဒီနှစ်ဟာအင်မတန်မှထူးခြားပါတယ်။ ရခိုင် လူမျိုးတွေ အများကြီး ဝေဝါးသွားနိုင်ပါတယ်။ ဒီလိုမျိုးအခြေအနေမှာ ကျွန်မအနေနဲ့ကတော့ ကျွန်မနဲ့အတူ မားမားမတ်မတ် ရပ်တည်ကြပါလို့ ကျွန်မရဲ့ ရန်ကုန်ရောက် ရခိုင်ပြည်သူ လူထုကို အလေးအနက်တောင်းဆို ချင်ပါတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ကျွန်မတို့ မဲကွဲသွားမယ်၊ ကိုယ်နဲ့ ရင်းနှီးနေလို့သာ မဲပေးမယ်ဆိုလို့ရှိရင် ကျွန်မတို့မဲပေးတဲ့ အခါမှနေပြီးတော့ ကိုယ်လိုချင်တဲ့ ကိုယ်စားလှယ်တွေ မရဘဲ မဲတွေအများကြီ းကွဲပြားသွားနိူင်ပါတယ်။ အဲဒါကြောင့်မို့ ကျွန်မ အနေနဲ့ ကတော့ ကျွန်မသည် ပြီးခဲ့တဲ့ ၅နှစ်တာကာလမှာလည်း ရခိုင်ပြည်သူလူထုအတွက် မားမားမတ်မတ် ရပ်တည်ပြီးတော့ လွှတ်တော်မှာ ဆောင်ရွက်ခဲ့တာ ရှိပါမယ်။ လာမယ့် ၅နှစ်မှာလည်း ပြီးခဲ့သော ၅နှစ်ထက် မလျှော့သော ပိုစေရမယ့် စေတနာနဲ့ ပြီးလို့ရှိရင် နိုင်ငံရေး စိတ်ဆန္ဒတွေနဲ့ ရခိုင်ပြည်သူ ရန်ကုန်ရောက် ပုဂ္ဂိုလ်တွေအတွက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မနဲ့အတူ မားမားမတ်မတ် ရပ်ပေးကြပါ၊ ကျွန်မကနေပြီးတော့ အပြတ်အသတ် အနိုင်ရရှိအောင် မဲပေးကြပါလို့ ရန်ကုန်ရောက် ရခိုင်ပြည်သူလူထုကို လေးစားစွာဖြင့် တိုက်တွန်း လိုက်ပါတယ် ရှင့်။

(ပြီး)

ဆက်စပ် သတင်းများ