သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ ( ANP) အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုထွန်းထွန်းနိုင်နဲ့ တစ်ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.5k

မေး - အစ်ကိုအနေနဲ့၂ဝ၂ဝ ရွေးကောက်ပွဲမှာဘယ်နေရာ၊ဘယ်ပါတီကိနေဝင်ရောက်ယှဉ်ပြိုင်သွားမှာလဲ။

ဖြေ- ကျွန်တော့်နာမည်ကတော့ ဦးထွန်းထွန်းနိုင်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကိုယ်စားပြုတဲ့ ပါတီကတော့  ရခိုင်အမျိုးသားပါတီ ဖြစ်ပါတယ်။

မေး - ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အစ်ကိုအနေနဲ့ ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်လေးပြောပြပေးပါ။
ဖြေ - ကျွန်တော်တို့ လက်ရှိ ရခိုင့်နိုင်ငံရေးအခင်းအကျင်းက နေပြီးတော့ ကျွန်တော်တို့မှာ အားနည်းချက်တွေ အများကြီးနေတယ်။ ကျွန်တော်တို့ ဒီပြည်တွင်း နိုင်ငံရေးကနေပြီးတော့ပေါ့။ ဆိုတော့ ကျွန်တော်တို့ ဒီအားနည်းချက်တွေကို အားသစ်လောင်းဖို့အတွက် ကျွန်တော်တို့ရခိုင်လူငယ်တွေကနေပြီးတော့ ရခိုင်လူ့အဖွဲ့အစည်းကို ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ အဲ့မှာလူငယ်တွေမှာ ကျလို့ရှိရင် အတွေးသစ်၊ အမြင်သစ်တွေရှိတယ်။ အဲ့ဒီအတွေးသစ်၊ အမြင်သစ်တွေရှိနေတဲ့ အတွက်ကြောင့် ဝင်ရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ရခိုင်ပြည်မှာက အဖက်ဖက်က အခက်အခဲဖြစ်နေတဲ့ အခြေအနေဖြစ်တယ်။ အထူးသဖြင့် အဘက်ဘက်ကနေပြီးတော့ အခက်အခဲ အကြပ်တည်းတွေ ဖြစ်နေတဲ့ အချိန်ဖြစ်တယ်။ အထူးသဖြင့်ကျွန်တော်တို့ ရခိုင်ပြည်မှာဆိုလို့ရှိရင် တစ်ဖက်က နိုင်ငံရေးကလည်း အားနည်း နေတာဖြစ်တယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့ ရခိုင်ပြည်မှာက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရား ဖမ်းဆီးနိုပ်စက်မှုတွေ အများကြီးဖြစ်နေတာတွေရှိတယ်။ အဲ့ဒါတွေကို ကျွန်တော်တို့ကနေပြီးတော့ လွှတ်တော် အတွင်းထဲကနေ ဝင်ရောက်ပြောရမယ့်အချိန်တွေ ဖြစ်တယ်လို့ ယူဆတယ်။ ပြီးလို့ရှိရင် လွှတ်တော် အပြင် နိုင်ငံတကာနဲ့ပါပူးပေါင်းရမယ့် အချိန်ဖြစ်တယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ရခိုင်မှာ ဆိုလို့ရှိရင် ကျွန်တော်တို့ရခိုင်အမျိုးသားရပိုင်ခွင့်ကို ကျွန်တော်တို့ဆုံးရှုံး နေတယ်။ ပြီးတော့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် ဆိုတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ လွှတ်တော်ထဲက နေပြီးတော့ တိုက်ပွဲဝင်ရမယ့်အချိန် ရောက်ပြီလို့ ထင်ရလို့ ကျွန်တော်တို့ ဒီရွေးကောက်ပွဲကို ဝင်ရောက်ရခြင်း ဖြစ်ပါတယ်။

မေး - အစ်ကို အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ - ကျွန်တော်တို့မှာ လုပ်ရမယ့်အပိုင်းက ၂ ပိုင်းရှိတာပေါ့။ ပထမပိုင်းက ကျွန်တော်တို့ ကနေပြီးတော့ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိက ဦးစားပေးပြီးလုပ်ရမယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရခိုင်မှာက တိုက်ပွဲရှောင် ပြဿနာတွေလည်း ရှိတယ်။ အဲ့ဒါတွေကို လုပ်ရမယ်။ နောက်တစ်ခုက ကျွန်တော်တို့က အဓိက ဘာလုပ်ရမလဲ ဆိုလို့ရှိရင် ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေး ပန်းတိုင်ရည်မှန်းချက်ကို အထူးသဖြင့်ကြိုးစားရမယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရခိုင်ပြည်မှာဆိုရင် တိုက်ပွဲတွေအများကြီးဖြစ်နေတာရှိတယ်။ အစိုးရတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တစ်ဖက်နဲ့ တစ်ဖက် တိုက်ပွဲတွေပြင်းထန်နေတဲ့ အချိန်ဖြစ်တယ်။ ဆိုတော့ ဒီပြဿနာတွေကို ကျွန်တော်တို့ကနေ အေးအေး ချမ်းချမ်းနဲ့ နိုင်ငံရေးအရ အဖြေရအောင်နေပြီးတော့ တိုက်တွန်းရမယ့် အပိုင်းတွေရှိတယ်။ နောက်တစ်ခုက ကျလို့ရှိရင် ကျွန်တော်တို့ ရခိုင်ဒေသမှာ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စီးပွားရေး၊ အဲဒီ ကိစ္စတွေကို ကျွန်တော်တို့က နေပြီးတော့ တက်နိုင်သလောက် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ အကောင်းဆုံး ကြိုးစားသွားရမယ်လို့ ပြောချင်တယ်။

 မေး - အစ်ကိုတို့ အမ်းမြို့နယ်က မဲဆန္ဒရှင်တွေကို ဘာများပြောချင်ပါသလဲ။
ဖြေ -  ကျွန်တော်တို့အခု ရခိုင်လူ့အခွင့်အရေးမှာ ကျွန်တော်တို့မြို့နယ်တစ်ခုဆိုတာထက် ကျေးရွာ တစ်ရွာထက်၊ ကျွန်တော်တို့ အခက်အခဲအကြပ်အတည်း ရောက်နေတဲ့ အချိန်ဆိုတော့ ကျွန်တော်တို့ရဲ့ ဆုံးရှုံးနေတဲ့ ရခိုင်အမျိုးသား ရပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အဓိက ကျွန်တော်တို့ လုပ်သွားဖို့ရှိတယ်။ ကျွန်တော်တို့ ကိုယ်ကျိုးမကြည့်ဘဲနဲ့ ရခိုင်အမျိုးသားဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ ရခိုင် အမျိုးသား ရပိုင်ခွင့်တွေကို တောင်းဆိုသွားမယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေကနေ အရင်က ဖြစ်ခဲ့တာတွေကို မကြည့်ဘဲနဲ့ ဒီနေ့အချိန်ကနေ ကျွန်တော်တို့က အတွေးသစ်အမြင်သစ်တွေနဲ့ ကြည့်ဖို့လိုပါမယ်။ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ နေပြီးတော့လည်း ကျွန်တော်တို့ ရခိုင့်လူအဖွဲ့စည်းကို ပြောင်းလဲချင်တယ်။ အဲ့ဒါ ကြောင့်မို့ ကျွန်တော်တို့လို လူငယ် ကိုယ်စားလှယ်တွေကို ယုံယုံကြည်ကြည်နဲ့ မဲပေးစေချင်တယ်လို့ ရခိုင်ပြည်နယ် အမ်းမြို့သူ မြို့သားတွေကို ပြောချင်တယ်။

(ပြီး)

ဆက်စပ် သတင်းများ