သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေနဲ့ တစ်ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9k

အိမ်စိုးဖြူ မေးမြန်းတင်ပြသည်။
(၁၂-၁ဝ-၂ဝ၂ဝ)

မေး- ဆရာမက ၂ဝ၂ဝ ခုနစ်ရွေးကောက်ပွဲမှာ ဘယ်မြို့နယ်က ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါလဲ။
ဖြေ- ကျွန်မကတော့လက်ရှိမှာ  ရခိုင်အမျိုးသားပါတီ(ANP)ကိုယ်စားပြု၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေပါ။ လာမဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲကိုလည်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။

မေး-၂ဝ၂ဝ ရွေးကောက်ပွဲကိုဆရာမအနေနဲ့ကြောင့်ဝင်ပြိုင်ရတာပါလဲ။
ဖြေ- ကျွန်မအနေနဲ့က၂ဝ၁ဝ-၂ဝ၁၅မှာ ပထမသက်တမ်း တစ်ကြိမ်၊ ၂ဝ၁၅ကနေ ၂ဝ၂ဝ မှာ ဒုတိယသက်တမ်း တစ်ကြိမ်ဆိုတော့၊ နှစ်ကြိမ် ဝင်ပြိုင် ထားပြီး ဖြစ်ပါတယ်။ အဲ့တော့ကျွန်မတို့အတွေ့အကြုံအရ ဆိုလိုရှိရင် ၂ဝဝ၈ဖွဲ့စည်းပုံ အောက်မှာ ရခိုင်ပြည်သူပြည်သားများ လိုလားတဲ့ဆန္ဒတွေကိုပြည့်ဝစွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိတာလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မက ရခိုင်အမျိုးသား အကျိုးစီးပွားကို ပေးထားတဲ့အခြေအနေထဲကနေရသလောက်ကိုပေါ့လေ တတိယအကြိမ်မြောက်၂ဝ၂ဝ-၂ဝ၂၅မှာ ထပ်မံကြိုးစားဖို့ဆိုတဲ့ ဆန္ဒနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်ရှင့်။

မေး- ရွေးကောက်ပွဲမှာဆရာမသာအနိုင်ရခဲ့မယ်ဆိုရင်ဘာတွေများလုပ်ဆောင်သွားဖို့အစီအစဉ်ရှိပါသလဲ။
ဖြေ- ဟုတ်ကဲ့၊ ကျွန်မတို့ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုဝင်တဲ့ လွှတ်တော်တစ်ဦး အနေနဲ့ ဆိုလို့ရှိရင် ကျွန်မတို့ ပါတီမှာ အဓိက မူဝါဒ (၄)ချက် ရှိပါတယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား တန်းတူရေးရယ်၊ ဒီမိုကရေစီထွန်းကားရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့ ဖြစ်ပါတယ်။ ဒီအတွက်  ပါတီက ချမှတ်ထားတဲ့ မူဝါဒတွေကို ရခိုင်ပြည်သူလူထု အတွက် ရှေ့ရှုပြီး ဖော်ဆောင်နိုင်ဖို့ ANP ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီပွားရေး၊ လူမှုရေး၊ ပညာရေးတွေက အစ တတ်နိုင်တဲ့ နည်းနဲ့ ကျွန်မတို့ ကြိုးစားခဲ့တာ ရှိတယ်။ အဲဒါလည်း လူတိုင်း အသိဘဲ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်မှာဆိုရင် ရခိုင်ပြည်နယ်အတွက် မေးခွန်းမေးတာတွေ၊ အဆိုတင်သွင်းတာတွေကို ကျွန်မတို့ ပါတီက လုပ်ဆောင်ခဲ့တာတွေရှိတယ်။ တချို့ မေးခွန်းတွေ၊ အဆိုတွေ ပယ်ချခံရတာတွေရှိ်တယ်။ အထူးသဖြင့် တိုက်ပွဲကြားထဲမှာ လူထုတွေထိခိုက်နစ်နာနေတာတို့၊ အကူအညီထောက်ပံ့ရေးကိစ္စတို့၊ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တင်ပြတာတို့ဆိုရင် ပယ်ချခံခဲ့ရတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျွန်မတို့က ကိုယ့်ပြည်နယ်၊ ကိုယ့်လူထုအတွက် ရနိုင်တဲ့ နည်းလမ်းတွေနဲ့ ကြိုးစားခဲ့တာရှိတယ်။ ကိုယ့်မဲဆန္ဒနယ်မြေဖြစ်တဲ့ ရသေ့တောင်မြို့နယ်အတွက်ဆိုရင်လည်း ပြည်သူတွေကို ထိခိုက်တာတွေရှိရင် မီဒီယာတွေကို ဖြေကြားတာတို့၊ ဆေးရုံတွေရောက်အောင် ကူညီတာတို့ လုပ်ဆောင်ခဲ့တာရှိတယ်။ မြို့နယ်အတွင်းမှာ လိုအပ်တဲ့ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်းတွေကအစ ရရှိနိုင်အောင် စွမ်းဆောင် ကြိုးပမ်းခဲ့တာတွေရှိခဲ့ပါတယ်။ စစ်ပြေးရှောင်တွေ ကိုယ့်အိမ်လေးတွေနဲ့ တစ်ပိုင်တစ်နိုင် နေနိုင်အောင် စခန်းတွေထဲမှာ အိမ်လေးတွေဆောက်ပေးတာတို့ အဆောင်တွေ ဆောက်ပေးတာတို့ လုပ်ဆောင်ပေးခဲ့သလို စားနပ်ရိက္ခာအပိုင်းမှာလည်း နိုင်သလောက် ဖြည့်ဆည်းကူညီပေးတာတွေရှိပါတယ်။ အခုလက်ရှိလည်း ကူညီလုပ်ဆောင်နေတာတွေရှိပါတယ်။

မေး-၂ဝ၂ဝ ရွေးကောက်ပွဲအတွက်မဲပေးကြမယ့်မဲဆန္ဒရှင်တွေကိုရောဘာများပြောချင်ပါသလဲ။
ဖြေ- ဟုတ်ကဲ့ပါ၊ ပထမဒီမဲပေးရတာတော့ အခုချိန်ဆိုရင် တတိယ အကြိမ်ဖြစ်နေပါပြီ။ ပထမ တစ်ကြိမ် ပေးပြီးပြီ၊ ဒုတိယ တစ်ကြိမ်ပေးပြီးပြီ၊ အခုတတိယ အကြိမ်မဲပေးရမှာဖြစ်ပါတယ်။ အဲ့တော့သူတို့ရဲ့ ရွေးချယ် လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်အပေါ်မှာ ဘယ်လောက်ထိ လုပ်ပေး နိူင်သလဲ၊ မဲဆန္ဒရှင်ပြည်သူတွေကို ဘယ်လောက်ထိ အလေးထားဆောင်ရွက်သလဲဆိုတဲ့ ရည်ရွယ်ချက်တွေကို သိဖို့လိုပါတယ်။ အဲ့ဒါကြောင့်မို့ မဲပေးကြမယ့် ရခိုင်ပြည်သူတို့ အနေနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးဖို့၊ ရခိုင်အမျိုးသား အကျိုးစီးပွား တိုးတက်ဖို့၊ ကိုယ်တို့ရဲ့ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးတိုးတက်ဖို့  အတွက်ကို တကယ် ဦးဆောင်နိုင်တဲ့ ပါတီ၊ ကိုယ်စားလှယ်တွေကို အဓိကထားပြီးတော့ မဲပေးကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်း လိုပါတယ်ရှင့်။


(ပြီး)

ဆက်စပ် သတင်းများ