သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး သံတွဲနဲ့ဂွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၁)က ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဒေါ်သင်္ဂီစိုးနဲ့တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10.1k

အိမ်စိုးဖြူ ဆက်သွယ် မေးမြန်းသည်။
(၁၂-၁ဝ-၂ဝ၂ဝ)


မေး- ရွေးကောက်ပွဲမှာ အစ်မအနေနဲ့ဘယ်နေရာ၊ ဘယ်ပါတီကနေပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်မှာပါလဲ။
ဖြေ- ကျွန်မကတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး သံတွဲနဲ့ဂွမြို့နယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဒေါ်သင်္ဂ ီစိုးဖြစ်ပါတယ်။


မေး-  ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်တာပါလဲ။

ဖြေ- ကျွန်မက အမတ်ရွေးချယ်ခံဖို့ဆုံးဖြတ်တာကလေ ကျွန်မတို့တိုင်းရင်းသားတွေက ဒီမိုကရေစီ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် တန်းတူအခွင့်အရေးတွေ ရဖို့လိုအပ်တယ်။ တရားမျှတမှုတွေ လိုအပ်တယ်။ ဒါကြောင့်ကျွန်မတို့ ဒေသတွေမှာ သယံဇာတတွေ ထွက်ရဲ့သားနဲ့ ဖွံ့ဖြိုးမှုတွေ အားနည်းတယ်။ တချို့နိုင်ငံတွေမှာဆို သယံဇာတတွေ မထွက်ပဲနဲ့ တိုးတက်တဲ့နိုင်ငံတွေ ရှိတယ်။ ကျွန်မတို့နေရာတွေမှာတော့ ပညာတတ်တွေလည်း အလုပ်လက်မဲ့တွေများတယ်။ ပညာမတတ်တဲ့ လူတွေကလည်း အလုပ်အကိုင် ရှားပါတယ်။ ပြီးတော့ ကျွန်မတိုရခိုင်ပြည်နယ်မှာ အချင်းချင်း စိတ်ဝမ်းကွဲမှုတွေ၊ စစ်ဘေး ဒုက္ခတွေ ၊ အခု စီးပွားရေး လုပ်စားမရတဲ့ အခြေအနေမှာ ဆိုလို့ရှိရင် လက်လုပ်လက်စားတွေက အငတ်ဘေးနဲ့ ရင်ဆိုင် နေရတယ်။ အဲဒါတွေဟာလည်း လမ်းပန်းဆက်သွယ်ရေးတွေ ဆိုးဝါးလို့ကြောင့် ဖြစ်တယ်လို့ ကျွန်မအနေနဲ့ သုံးသပ်မိတယ်။ နောက်တစ်ချက်က ဆေးဝါးပစ္စည်းမပြည့်စုံမှုတွေရှိတယ်။ ကျွန်မတို့ နေရာတွေမှာက နိုင်ငံတကာကလာလည်တဲ့ ကျွန်မတို့ ငပလီကမ်းခြေလိုနေရာမျိုးမှာတောင် ပြည့်စုံတဲ့ ဆေးဝါးကုသမှုတွေ မရှိဘူး။ ဒါကြောင့် ကျွန်မတိို့ တိုင်းရင်းသားတွေက နိုင်ငံရေးထဲမှာ ပါဝင်လှုပ်ရှားပြီးတော့ တစ်ဒေါင့် တစ်နေရာကနေ တက်စွမ်းသရွှေ့ကာယ၊ ဥာဏတွေနဲ့ ကူညီပါဝင်ခွင့် ရချင်လို့ ဝင်ရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်တယ်။ ကျွန်မက ဒီနေရာထဲမှာ အမျိုးသမီး လူငယ်တွေကို နည်းမှန်လမ်းမှန်နဲ့ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်စေချင်တယ်။ အမျိုးသမီးလူငယ်တွေကို လည်း အခွင့်အရေးတွေ ရစေချင်တယ်။ ကလေးတွေကိုလည်း နည်းမှန်လမ်းမှန်နဲ့ ဖွံ့ဖြိုးတဲ့ အနာဂတ်ခေါင်းဆောင်တွေဖြစ်စေချင်တယ်။ ဒါကြောင့် တိုင်းရင်းသားတွေ စုပေါင်းပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်မယ့် ဒီရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ဝင်ရောက် အရွေးချယ်ခံရခြင်းဖြစ်ပါတယ်။


မေး- ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့လို့ရှိရင် ဘာတွေလုပ်နိုင်မလဲ။ ဘာတွေလုပ်ပေးသွားဖို့မျှော်လင့်ထားပါသလဲ။
ဖြေ- ကျွန်မကလေ ရွေးကောက်ပွဲမှာပြည်သူက ရွေးချယ်ခဲ့လို့ရှိရင်  ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် ဆိုတာထက် တကယ်လုပ်ပေးချင်လို့၊ ပြည်သူအခက်အခဲကို ကူညီချင်လို့ ကျွန်မက ရွေးချယ်ခံတာပါ။ ဒါကြောင့် ကျွန်မက ပြည်သူကို မက်လုံးပေးပြီးတော့ ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ် မပြောပါဘူး။ ပြည်သူနဲ့ ကျွန်မနဲ့က ရင်ဘတ်ချင်းဆက်နေရမယ်။ ပြည်သူအခက်ခဲကို ကျွန်မသိတယ်။ ဒါကြောင့် ကျွန်မကို ရွေးချယ်လို့ရှိရင်တော့ ကျွန်မကလေ နောင်တမရစေရဘူး။ ကျွန်မကို မဲပေးလိုက်လို့ နောင်တမရစေရဘူး။ အဲဒါကြောင့် ကျွန်မကို ယုံယုံကြည်ကြည်နဲ့မဲပေးနိုင်ပါတယ်လို့ ပြောချင်ပါတယ်။


မေး- အစ်မတို့ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို ဘာပြောချင်လဲ။
ဖြေ- မဲဆန္ဒရှင်တွေကို ဘာပြောချင်လဲဆိုတော့ ကျွန်မတို့ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်ပါတီတွေများတဲ့အတွက် တကယ်ကို ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်မဲ့ ရခိုင်ပါတီမျိုး၊ တကယ့်ပြည်သူလူထု အကျိုးရှိကိုသယ်ပိုးနိုင်တဲ့ ပါတီမျိုးကို ရွေးချယ်ပြီးတော့ မဲထည့် ပေးကြပါလို့ ကျွန်မကပြောချင်တယ်။


(ပြီး)

ဆက်စပ် သတင်းများ