စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီကိုယ်စားပြုပြီး ရသေ့တောင်မြို့နယ်အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဇော်မင်းဦးနဲ့ ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.4k

ဆောင်းဇာခြည် မေးမြန်းတင်ပြသည်။
(၁၃-၁ဝ-၂ဝ၂ဝ)

မေး - ပထမဆုံးအနေနဲ့ ဦးဇော်မင်းဦးရဲ့ ဘယ်ပါတီကိုယ်စားပြု ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်သွားမှာလဲဆိုတာ သိပါရစေ။
ဖြေ - ရခိုင်အမျိုးသားပါတီကိုယ်စားပြု အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်မင်းဦး ဖြစ်ပါတယ်။ ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။

မေး - ဘာကြောင့် ရွေးကောက်ပွဲဝင်ရတာလဲ။
ဖြေ - ဘာကြောင့်လဲဆိုတော့ ကျွန်တော့် ခံယူချက်ပေါ့နော်။ ခံယူချက်ဆိုတာက ကျွန်တော်တို့မြို့နယ်မှာ အစဉ်အဆက် ၁ဝ နှစ်အတွင်းမှာ ရွေးကောက်ပွဲနှစ်ခါပြီးပြီပေါ့။ ၁ဝ နှစ်အတွင်းမှာ အမှတ် (၁) ကဆိုလည်း ဦးဦးသန်းနိုင်တို့ပေါ့။ အမှတ် (၁) နယ်မြေကတော့ လုပ်ရကိုင်ရတာတွေ အရမ်းကောင်းပါတယ်။ ပြောမယ်ဆိုရင် အားကိုးရတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ပေါ့။ တကယ့်တကယ် လွှတ်တော်ကိုယ်စားလှယ်တစ် ယောက် ပေါ်ထွက်တယ်ပေါ့။ ကျွန်တော်တို့ အမှတ် (၂) မှာကျတော့ ၁ဝ နှစ်ရှိပြီပေါ့နော်။ လွှတ်တော် ကိုယ်စားလှယ်။ အဓိကကတော့ ဒေသန္တရတွေကို ကွင်းဆင်းမှုမရှိဘူး။ နောက်ပြီးရင် ဖွံ့ဖြိုးအောင် မလုပ်ပေးနိုင်ဘူး ထင်လို့ ပွင့်ပွင့်လင်းလင်းပြောရရင်ပေါ့။ အဓိက ယုံကြည်ချက်ကတော့ အတတ်နိုင်ဆုံး ကိုယ့်ကျွန်း၊ ကိုယ့်ရွာ၊ ကိုယ့်ရဲ့ မဲဆန္ဒနယ်၊ ကိုယ့်မြို့နယ်အတွင်း အကောင်းဆုံး လုပ်ပေးချင်လို့ အဲဒီလို ဆန္ဒနဲ့ ဝင်ပြိုင်ရခြင်း ဖြစ်ပါတယ်။

မေး - အနိုင်ရခဲ့ရင် ဘာတွေကို လုပ်ပေးသွားမှာလဲ။
ဖြေ - အနိုင်ရခဲ့ရင် အဓိကတော့ လက်ရှိ ဖြစ်ပျက်နေတဲ့ စစ်ဘေးရှောင် ကိစ္စတွေ၊ နောက်ပြီး ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေကို မျှဝေပြီးတော့ အတတ်နိုင်ဆုံး ဖြေရှင်းပေးသွားမယ်လို့ စိတ်က မှတ်ယူထားတယ်။

မေး - မဲဆန္ဒရှင်တွေကို ဘာတွေ ပြောချင်လဲ။
ဖြေ - အဓိက ပြောရမယ်ဆိုရင် ကျွန်တော်က ရသေ့တောင်မြို့နယ်သားဖြစ်တယ်။ ဒီ အမှတ် (၂) မဲဆန္ဒနယ်မှာ ရှိတဲ့ လူတွေက ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီဆိုတာကို ခံယူချက်နဲ့၊ ရပ်တည်ချက်နဲ့ ရခိုင်အမျိုးသား ပါတီရဲ့ လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ကြည့်ကြပေါ့နော်။ ရခိုင်ပြည်နယ်မှာ ဘယ်လို အင်အားရှိတဲ့ ပါတီလဲ။ နောက်ပြီး ရသေ့တောင်မြို့ပေါ်မှာလည်း ပါတီတွင်း ရှုံးခဲ့သည်ဖြစ်စေ၊ နိုင်ခဲ့သည်ဖြစ်စေ ကျွန်တော်တို့မှာ ရုံးဖွင့်ပြီး နယ်ခံသားတစ်ယောက်အနေနဲ့၊ ဖြစ်ပေါ်လာတဲ့ နယ်ခံသားတွေရဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ကိစ္စတွေကို အမြဲတလည် ဖြေရှင်းပေးနိုင်တဲ့ ရုံးလည်း ရှိပြီးသားပေါ့။ ရှိလည်း ရှိတယ်။ အကုန်လုံး မြင်ကြတဲ့အတိုင်းပေါ့။ ဆိုတော့ အခု ပြိုင်ကြတဲ့ ပါတီတွေလည်း အများကြီးရှိကြတယ်ပေါ့။ ကျွန်တော်တို့ နယ်မြေမှာလေ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် သူတို့တွေက ဧည့်သည်ပုံစံမျိုးပေါ့။ လာတယ်၊ ပြိုင်တယ်။ ပြိုင်လို့ပြီးရင် ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ပြန်သွားကြတော့တာပေါ့။ ကျွန်တော်တို့ကတော့ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် ပြည်သူတွေနဲ့ ဒီမဲဆန္ဒရှင်တွေနဲ့ တစ်သွေးတစ်သားတည်း အမြဲတန်း ရပ်တည်နေနိုင်အောင် ကြိုးစားနေတယ်။ လုပ်လည်း လုပ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီကို ယုံကြည်ပြီး အတတ်နိုင်ဆုံး မဲထည့်ပေးကြပါလို့ မှာကြားချင်ပါတယ်။


(ပြီး)

ဆက်စပ် သတင်းများ