ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

စစ်အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ရခိုင်ပြည်၏ စီးပွားရေး၊ နိုင်ငံရေး အခြေအနေများအပေါ် သူတို့အမြင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.7k

နိရဉ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃ (Voxpop)


ယနေ့ ဖေဖော်ဝါရီ ရက်နေ့သည် စစ်အာဏာသိမ်း() နှစ်ပြည့်နေ့ဖြစ်သည်။ စစ်အာဏာသိမ်း နှစ်နှစ်ကာလအတွင်း ရခိုင်ပြည်နယ်၏အခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်နိုင်ငံရေး၊ လူမှုရေးနယ်ပယ်မှ လူပုဂ္ဂိုလ် () ဦး၏ အမြင်ကို မေးမြန်းတင်ပြလိုက်ပါသည်။

ဦးထွန်းဝင်း (ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

ခိုင်ပြည်ကတော့ စစ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ခံစားမှုတွေ၊ ဖြစ်ရပ်တွေကို ကျနော်တို့က ပြည်မကဗမာလူမျိုးတွေထက် နှစ်လောက်စောပြီး ခံစားလာရတဲ့ လူ့အဖွဲ့အစည်းလို့ ပြောလို့ရတယ်။ အခုထိ ကျနော်တို့မှာ စစ်နဲ့ ပတ်သက်တဲ့ အရိပ်အယောင်ကလည်း ရှိနေဆဲ၊ စစ်နဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေကလည်း အခုထိ ခံစားနေရတုန်းပဲ။ လောလောဆယ်အထိ လူမှုကူးသန်းဆက်သွယ်မှုတွေ၊ စီးပွားရေးပိုင်းတွေမှာလည်း လွတ်လွတ်လပ်လပ် ကူးသန်းဆက်သွယ်လို့ ရတဲ့အခြေအနေမှာ အပြည့်အဝမရှိသေးဘူး။ ဆိုလိုတာက ဒီ လေးနှစ်၊ ငါးနှစ်တာကာလမှာ ရခိုင်က စီးပွားရေး၊ လူမှုရေးတွေကတော့ ဆုတ်ယုတ်၊ နစ်နာမှုတွေ အများကြီး ရှိခဲ့ကြတယ်။ လမ်းတံတားတွေက အစ ဘာမှ တိုးချဲ့တည်ဆောက်နိုင်တာမျိုးမရှိခဲ့ဘူး။ အာဏာသိမ်းမှုတွေ ဖြစ်စဉ်တစ်လျှောက်လုံးမှာ အခုလက်ရှိ ၂၀၂၀ မှာဖြစ်ခဲ့တဲ့အာဏာသိမ်းမှုဟာ အခြေအနေ အဆိုးဝါးဆုံးလို့ သုံးသပ်ကြတာပေါ့။ မြန်မာနိုင်ငံလုံးဟာ အဆိုးဝါးဆုံးအခြေအနေကိုရောက်တယ်။ ပြောရရင် လက်နက်ကိုင် ပုန်ကန်မှုအထိပါ မြန်မာ့သမိုင်းမှာမရှိတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတဲ့အခြေအနေတွေရှိတယ်။ အခုချိန်ထိ နယ်မြေ တည်ငြိမ်တယ်၊ အေးချမ်းတယ်ဆိုတဲ့ အခြေအနေတွေဟာ နည်းပါးလာတယ်။ ဆိုလိုတာက ငရဲအိုးထဲ ကျနေခဲ့သလို စီးပွားရေး၊ လူမှုရေးပိုင်းဆိုင်ရာ လုံခြုံရေးပိုင်းဆိုင်ရာကအစ ကျနော်တို့ တစ်နေ့တစ်နေ့လာရင် အနိဌာရုံမြင်ကွင်းတွေနဲ့ ပြည့်နေခဲ့တယ်လို့ ပြောလို့ရတယ်။ လက်ရှိအာဏာကို ဆုပ်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေကလည်း အခုချိန်ထိ နိုင်ငံရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုပြုပြင်ပြောင်းလဲလိုတဲ့ တနည်းအားဖြင့် လူအားဖြင့်ရော မူအားဖြင့်ရော မြန်မာနိုင်ငံကို ပြောင်းလဲရတော့မယ်ဆိုတဲ့အတွေးမျိုး တွေးတာတွေကို ကျနော်တို့သိပ်မမြင်ရဘူး။ တချိန်တည်းမှာ တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ EAO တွေကအစ NUG/PDF ကအစ အရှိန်တွေမြှင့်လာတာမြင်ရတယ်။ တစ်နိုင်ငံလုံးနဲ့ ခြုံပြောရရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ကတော့ ကျနော်ထင်တယ် တည်ငြိမ်မယ့်လက္ခဏာတွေကို ဉာဏ်မီသလောက်စဉ်းစားရရင်မတွေ့ရသေးဘူးပေါ့။

----------------

ဒေါ်ညိုအေး (ဥက္ကဋ္ဌ- ရခိုင်အမျိုးသမီးကွန်ရက်)  

စစ်အာဏာသိမ်းတဲ့ကိစ္စနဲ့ပတ်သတ်ပြီးတော့ ဒီနေ့နဲ့ဆို နှစ်နှစ်တင်းတင်းပြည့်ပြီ။ တိုးတက်မှုကတော့ ဘာမှမရှိဘူး။ ဆုတ်ယုတ်သွားတာပဲရှိတယ် အပြောင်းအလဲအနေနဲ့ကတော့ သာမန်လူတန်းစားတွေ အတွက်အလုပ်အကိုင်ရှားပါးလာတယ်။ စားဝတ်နေရေးတွေလည်း အလွန်ပင်ကြပ်တည်းလာကြတယ်။ ပြည်ပထွက်ခွာသူတွေများလားကြတယ်။ အကြီးမားဆုံးပြောင်းလဲမှုကတော့ လူတိုင်းလူတိုင်းမှာ အကြောက်တရားတွေ ရှိလာကြတယ်။ အလုပ်အကိုင်တွေ ပိုရှားသွားတော့ ိုးဆိုးလုနိုက် ဓားပြမှုတွေပိုများလာတယ် တရားဥပဒေစိုးမိုးမှုကတော့ လုံးဝဦးတည်မရှိတော့ဘူးလို့တောင် ပြောလို့ရတယ်။ ဒီနှစ်နှစ်အတွင်းမှာမြင်တဲ့အတိုင်းပါပဲ စီးပွားရေးကြပ်တည်းမှုကတော့ ကုန်ဈေးနှုန်းတွေကတက်သွားတာပြန်မကျလာတော့ဘူး။ အဲ့လိုဖြစ်နေတဲ့ကြားထဲက ဖြတ်လေးဖြတ်နဲ့ အဖြတ်ခံထားရတဲ့အစိတ်ပိုင်းတွေရှိတော့ ပိုဆိုးသွားတာပေါ့။ စစ်အာဏာသိမ်းပြီးတဲ့နှစ်နှစ်အတွင်းမှာ ရခိုင်မှာအခုအခြေနေကတော့ စစ်ရေးပြသနာတွေတော့ ငြိမ်နေပေမဲ့ ကုန်ဈေးနှုန်းတွေ အလွန်ကျသွားတာမျိုးတော့မရှိဘူး။ ဆီဈေးတွေကလည်း ငါးရာသုံးရာလျော့သွားတာကလွှဲလို့ ကိုယ်ဝယ်ချင်တဲ့ချိန်ဝယ်လို့မရဘူး။ စားသုံးဆီတွေကလည်း အလွန်ဈေးကျသွားတယ်လို့မရှိဘူး။ ဒီတိုင်းဈေးနှုန်းမြင့်နေတုန်းပါပဲ။ ကုန်ဈေးနှုန်းတွေက တက်သွားရင်ဈေးပြန်ကျဖို့ကမလွယ်ဘူးလေ။ ပြည်သူတွေအတွက် အာမခံချက်ရှိတဲ့ အစိုးရတစ်ရပ် မပေါ်ပေါက်လာပဲ ဒီတိုင်းသာ ဆက်သွားနေမယ် ဆိုရင် ပြည်သူတွေ ဒီထက်ပိုပြီးတော့ဒုက္ခတွေ့ကြမယ်လို့ပြောချင်ပါတယ်"

-----------------

ဒေါ်စောစံငြိမ်းသူ (ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ)

" အဓိကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်လို့ရယ်မဟုတ်ဘူး။ နိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ မတည်ငြိမ်မှုတွေ အများကြီး ကြုံခဲ့ရတာရှိတယ်။ အထူးသဖြင့် ဘဏ်လည်ပတ်မှုဆိုင်ရာကိစ္စတွေ ရင်ဆိုင်ခဲ့ကြရတာရှိတယ်။ နောက်တစ်ခုက လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ပိုပြီးဖြစ်လာခဲ့တဲ့အခြေအနေတွေရှိတယ်။ နောက်တစ်ခုက ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်သွားတဲ့ အခြေအနေတွေရှိတယ်။ ဆိုတော့ တစ်ဖက်မှာ ဈေးနှုန်းအဆမတန် မြင့်တက်သွားတဲ့အခြေအနေတွေ ရှိသည့်တိုင်အောင်တောင်မှ နိုင်ငံသား၊ မိသားစုဝင် တစ်ယောက်ချင်းစီရဲ့ ဝင်တွေတွေက ပိုပြီးအခက်အခဲရှိလာတဲ့ အခြေအနေမျိုးတွေမှာ စီးပွားရေး အခက်အခဲအကျပ်အတည်းကို ရင်ဆိုင်ရတာကတော့ အဆိုးဆုံး အခြေအနေလို့ ပြောလို့ရပါမယ်။ ဆိုတော့ အဲဒီအခြေအနေတွေကို အခုချိန်ထိတော့ တိုးတက်ပြောင်းလဲတဲ့ အခြေအနေမျိုးတော့ ကျမတို့မကြုံရပါ။ အထူးသဖြင့် စီးပွားရေး အခက်အခဲအကျပ်အတည်း အခြေအနေမျိုးမှာ နောက်တခုမြင်တွေ့ရတာက အောက်ခြေလူတန်းစားတွေအနေနဲ့က ပိုပြီးတော့ ဝင်ငွေမရတဲ့ အခြေအနေမှာ ဝင်ငွေရတဲ့နေရာ အခြားအိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်လုပ်သားဘဝနဲ့ ထွက်ခွာသွားကြတာတွေက ပိုများလာတယ်။ အဲဒီလိုတရားမဝင်လုပ်သားဘဝနဲ့ ထွက်ခွာသွားတဲ့ အခြေအနေမျိုးမှာလည်း လမ်းခုလတ်မှာကနေစပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံရတယ်။ နောက်ဆုံးလမ်းမှာ တခြားသော တုပ်ကွေးဖြစ်တဲ့ ဝေဒနာတွေခံစားရပြီး သေဆုံးလားတဲ့အခြေအနေတွေနဲ့ နောက်ဆုံးထိုင်းနိုင်ငံတို့မှာဆိုရင် အချုပ်အနှောင်ခံရင်းနဲ့ သေဆုံးသွားတဲ့အခြေအနေမျိုးတွေကြုံတွေရတဲ့အခါ တိုးတက်ဖြစ်ထွန်းသွားတာမျိုးကို ကျမတို့မမြင်ရပါ။ အခုချိန်ထိ အဲလိုအခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ မြင်ပါတယ်။ တရားဥပဒေ စိုးမိုးမှု အခြေအနေလို့ပြောတဲ့အခါမှာလည်း ရခိုင်ဒေသမှာက အုပ်ချုပ်မှုပုံစံနှစ်မျိုးကို  ပြည်သူတွေ မလွဲမရှောင်မဖြစ်မနေ အုပ်ချုပ်ရေးနှစ်ခုအောက်မှာ ကြုံတွေ့နေရတာရှိတယ်။ ဆိုတော့ ပြည်သူလူထုကြားထဲမှာ တစ်စုံတစ်ခု ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ကိစ္စပဲဖြစ်ဖြစ်၊ တခြားသော မှုခင်းဆိုင်ရာ ကိစ္စရပ်တစ်ခုခုကြုံတွေရတိုင်းမှာ ဘယ်သူ့ဘက်ကိုတိုင်ကြားရမှာလဲဆိုတာက ပြည်သူလူထုအတွက် ဒွိဟဖြစ်လာတဲ့ အခြေအနေ ရှိပါတယ်။ အဲဒီလိုပဲ  တစ်ဖက်မှာလည်း နှစ်ဖက်စလုံးအခြေအနေကိုကြည့်တဲ့အခါမှာလည်း ဘယ်ဖက်က တရားဥပဒေစိုးမိုးမှုကို သေသေချာချာကိုင်တွယ်နေလဲ ဆိုတာကိုလည်း အခုချိန်မှာ ကျမတို့ကကနနမသိရတဲ့အတွက် ဒါဟာလည်း ကျမတို့အတွက် အခက်အခဲဖြစ်စေပါတယ်။ ကျမတို့ပြည်သူလူထုအနေနဲ့ ဒီလို ဘယ်ဖက်ကနေ တရားဥပဒေစိုးမိုးမှုကို သေသေချာချာ ကိုင်တွယ်နေလဲလို့ မသိတဲ့အခါမှာ ခုနကပြောသလို ဖြစ်ပေါ်လာတဲ့ ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်တွေကို ဘယ်သူ့ကို တိုင်ကြားရမှာလဲဆိုတာကလည်း အဓိကပြသနာဖြစ်လာတာ ရှိပါတယ်။ ဒီကြားထဲမှာ ပြောင်းလဲမှု ဆိုတာထက် ပြောင်းလဲမှုတွေက ဘာဖြစ်လာလဲလို့ပြောခဲ့တယ်။ အဓိကတော့ စီးပွားရေးအခက်အခဲကျပ်တည်းပေါ့။ တိုးတက်ပြောင်းလဲမှုမဟုတ်ဘဲနဲ့ ပိုမိုအနုတ်လက္ခဏာဆောင်တဲ့ ပြောင်းလဲမှုလို့ပြောလို့ရမယ်။ စီးပွားရေးကျပ်တည်းမှုနဲ့ လမ်းပနးဆက်သွယ်ရေးအခက်အခဲတွေက အဓိကလို့ပြောလို့ရမယ်။ တစ်ဖက်မှာလည်း ကြားထဲမှာ တိုက်ပွဲတွေဖြစ်ပေါ်ခဲ့တာရှိတယ်။ တိုက်ပွဲတွေဖြစ်ပေါ်ခဲ့တဲ့အခါမှာ ပိုပြီးတော့ လူသေဆုံးမှုတွေရှိလာခဲ့တယ်။ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိခဲ့တာကိုလည်း ကျမတို့ကြားသိရတယ်။ အဲဒီလို ရှောင်တခင် တိုက်ခိုက်မှုတွေကြားထဲမှာလည်း ပြည်သူလူထုတွေဟာ ပြင်ဆင်မှုတခုမှ မရဘဲနဲ့ လက်နက်ကြီးငယ် ကျပြီး သေဆုံးမှုတွေက ပိုပြီးတော့ ရှိခဲ့တယ်လို့ပြောလို့ရမယ်။ အဲဒါကြောင့်တိုးတက်ပြောင်းလဲမှု မဟုတ်ဘဲနဲ့ ပိုပြီးဆုတ်ယုတ်စေတဲ့အနေအထားမျိုးကိုသာ ကြုံရတဲ့ပြောင်းလဲမှုလို့ပြောရမယ်။"

-----------------------

ကိုမျိုးလွင် (အမ်းဒေသခံ လူမှုရေးလှုပ်ရှားဆောင်ရွက်သူ)

"အဓိကတော့ ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးအရဆိုရင် ရခိုင်ကထွက်တဲ့ထွက်ကုန်တွေဟာ ဈေးအမှန်မရတာတွေရှိတယ်။ ဒေသထွက်ပစ္စည်းတွေ ဈေးအမှန်မရတဲ့အခါမှာ ဒေသရဲ့ ဆင်းရဲမွဲတည်မှုတွေက နဂိုထက်ပိုပြိးနိမ့်ကျသွားတယ်။ တစ်ဖက်မှာ ရခိုင်ပြည်ရဲ့အပြင်ဘက်က ပြည်မဘက်ကလာတဲ့ ကုန်ပစ္စည်းဆိုရင်လည်း ဈေးအမြင့်ပေးပြီးတော့ ဝယ်ရတဲ့အပိုင်းတွေရှိတယ်။ ဒီဒေသမှာရှိတဲ့ပြည်သူလူထုအတွက် ဆင်းရဲမွဲတည်မှုနဲ့စားဝတ်နေရေးအတွက် အများကြီးထိခိုက်ပါတယ်။ အဲဒါတွေဟာ စီးပွားရေးနဲ့တိုက်ရိုက်ဆက်စပ်မှုရှိသွားပါပြီလေ။ ဒေသနေပြည်သူတွေရဲ့ စီးပွားရေး၊ လူနေမှုအဆင့်အတန်းကို ပိုပြီးနိမ့်ကျသွားတယ်။ အဓိက ရခိုင်ကထွက်တဲ့ထွက်ကုန်တွေဟာ ဈေးမရဘူး။ အခြားနေရာကနေပြီး ရခိုင်ကိုသွင်းမယ်ဆိုလို့ ရှိရင်လည်း ကန့်သတ်မှုတွေများတယ်။ အဆင့်ဆင့် ကန့်သတ်မှုတွေများတဲ့အခါမှာ ဈေးနှုန်းအဆမတန်မြင့်ပြီး ဝယ်ယူသုံးစွဲတဲ့အပိုင်းတွေရှိတယ်။ အဲဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီးဆိုးရွားမှုတွေဖြစ်တယ်။ NLDအစိုးရလက်ထက်မှာတော့ ကိုဗစ်ကာလဖြစ်တဲ့အခါမှာ သယ်ယူပို့ဆောင်မှုတွေ နှောင့်နှေးပြီး အကန့်အသတ်တွေရှိတဲ့အခါမှာလည်း စီးပွားရေးတွေက ကျဆင်းမှုတွေရှိတယ်လေ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာက ပိုပြီးဆိုးရွားမှုတွေရှိလာတယ်လေ။ ရခိုင်နိုင်ငံရေးကို ပြောရမယ်ဆိုရင် ရခိုင်နိုင်ငံရေးမှာကတော့ စစ်ကောင်စီကို ယုံကြည်မှုတွေ အရင်ကထက်နည်းသွားပြီ။ နည်းသွားတဲ့အခါမှာ ULA/AAရဲ့ထိန်းချုပ်မှုအောက်မှာ ပိုပြီးလုံခြုံတယ်လို့ယူဆရတဲ့အခါမှာ ပြစ်မှု၊ ပြစ်ဒဏ်တစ်ခုခုကျူးလွန်တဲ့အခါမှာလည်း  ULAတရားရုံးမှာပဲ တိုင်တန်းမှုတွေရှိတယ်။ စစ်ကောင်စီထိန်းချုပ်တဲ့ မြို့ပေါ်တွေမှာဆိုရင်တော့ မလုံခြုံမှုတေပိုများတယ်၊ တရားဥပဒေ စိုးမိုးမှုနည်းတယ်။ နယ်တွေမှာဆိုရင်တော့ အရင်တုန်းက ခိုးမှုတွေ၊ လုယက်မှုတွေ ရှိခဲ့သည့်တိုင် အခုဆိုရင် ပပျောက်သွားသလောက်ဖြစ်သွားပြီလေ။ ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ခိုးမှု၊ မုဒိန်းမှုတွေက ကျဆင်းမှုရှိသွားပါပြီ။ တဖြည်းဖြည်းနဲ့လျော့ကျသွားပါပြီ။ အရင်ကဆိုရင် မလုံခြုံမှုတွေရှိတယ်။ နယ်တွေမှာသူခိုးတွေများခဲ့တယ်။နောက်ပိုင်းမှာတော့ ULA/AAက တရားဥပဒေစိုးမိုးရေးမှာထိထိရောက်ရောက်လုပ်တော့လေ။ မြို့ပေါ်မှာတော့ မလုံခြုံမှုတွေရှိတယ်။ မြို့ပေါ်အပြင် ကားလမ်းတစ်လျှောက် စစ်ကောင်စီအလွယ်တကူသွားလို့ရတဲ့ နေရာတွေမှာ ပြည်သူတွေ မလုံခြုံမှုရှိတယ်။ သူတို့က သံသယရှိတဲ့သူတိုင်းကို ဖမ်းဆီးမှုတွေရှိတယ်။ အဲဒီတော့ မလုံခြုံမှုတွေများတယ်။ နိုင်ငံရေးအရမှာလည်း နိုင်ငံရေးပါတီတွေကို ပြည်သူတွေ ထောက်ခံမှု၊ ယုံကြည်မှုကျဆင်းလာတယ်။ ULA/AAကနေပြီး နယ်မြေတွေ ကျယ်ကျယ်ပြန့်ပြန့်စိုးမိုးလာတာရှိတယ်။ ဆိုတော့ နောက်ပြီးULA/AAကို ပြည်သူတွေ ယုံကြည်မှု၊ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေရှိလာတယ်။ နိုင်ငံရေးကတဖက်မှာ စစ်ကောင်စီဘက်ကို ယိမ်းတဲ့သူတွေကိုဆိုရင် ပြည်သူကယုံကြည်မှုနည်းလာတယ်။ မယိမ်းဘဲနဲ့တစိုက်မတ်မတ်လုပ်နေတဲ့ ULA/AAကိုတော့ ထောက်ခံမှုရှိလာတဲ့အခါမှာလည်း နိုင်ငံရေးအားပြိုင်မှုရှိလာတယ်။ စစ်ကောင်စီကလည်း မြင်တယ် ပြည်သူတွေထောက်ခံမှုရှိတဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ သွားလာမှုတွေကို အကန့်အသတ်လုပ်တာတွေရှိလာတယ်။ ပြည်သူတွေနေထိုင်တဲ့ နေရာအနီးအနားတွေမှာ မြေမြှပ်မိုင်းတွေ သုံးလာတာရှိတယ်။ ဒါကလည်းနိုင်ငံရေးနဲ့ဆက်စပ်မှုရှိတယ်။ အဓိကတော့ ရခိုင်နိုင်ငံရေးမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီကို ယုံကြည်မှုတွေနည်းသွားတယ်။ လူထုအကြားမှာ နဂိုက ယုံကြည်မှုထက်ပိုပြီး နိမ့်ကျသွားတယ်လို့ပြောရမယ်" 

------------------

ကိုဦးသန်းနိုင် (ရခိုင်ပြည်ကျောင်းသားသမဂ္ဂပြန်ကြားရေးတာဝန်ခံ)

ကျနော်တို့ပညာရေးအနေနဲ့ဆိုရင် အမျိုးသားပညာရေးဥပဒေတွေ အသစ်ရေးဆွဲတာတွေရှိတယ်။ အဲဒါက ဘာကိုဦးစားပေးနေလဲဆိုတော့ လက်ရှိလူမျိုးကြီးဝါဒပုံစံဆန်တယ်။ လက်ရှိထွက်လာတဲ့ သင်ရိုးCourse တွေဆိုရင် တိုင်းရင်းသားတွေအတွက် ဘာသာစကားအရ ဗမာဘာသာစကားမတတ်ရင် လုံးဝကိုသင်လို့မရတဲ့ အနေအထားမှာရှိတယ်။ ကျနော်တို့မြင်တာကတော့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဘာသာစကားတွေကို အားပေးမှု မရှိသလို စော်ကားတဲ့ပုံစံမျိုးလို့ မြင်တယ်။ နိုင်ငံရေးအနေနဲ့က လက်ရှိမှာ ကျနော်တို့ ရခိုင်နိုင်ငံရေး အခင်းအကျင်းက ဗမာနိုင်ငံရေးအခင်းအကျင်းနဲ့ မတူဘူး။ ကျနော်တို့ရခိုင်ပြည်မှာက စစ်ဘေးရှောင်တွေ ပိုများလာတယ်။ စစ်ဘေးရှောင်တွေ နေရပ်ပြန်ရမယ့်ကိစ္စတွေမှာဆိုရင် ဟိုဘက်မှာမိုင်းမရှင်းပေးဘဲ အတင်းပြန်ခိုင်းတဲ့ အခြေအနေမျိုးတွေမှာရှိတယ်။ ရခိုင်ကျောင်းသားတွေအနေနဲ့လည်း လက်ရှိအခြေအနေမှာ social cohesionတွေကို တခြားရခိုင်မျိုးနွယ်စုကျောင်းသားတွေနဲ့အတူ လက်တွဲလုပ်ဆောင်နေကြတယ်။ အဲဒီအပေါ်မှာ ရခိုင်ပြည်မှာ လူမျိုးရေးတစ်ခုနဲ့တခုကြား မုန်းတီးရေးတွေကို ကျနော်တို့ကြိုးစားပြီး အကောင်းဆုံးလျော့ချပေးနိုင်တယ်လို့ထင်တယ်။ နောက်လည်း ကျနော်တို့ အများကြီးလုပ်ရအုံးမယ်။ လူငယ်တွေအနေနဲ့လည်း ULA/AAဘက်ကို ပိုပြီး စောင်းတဲ့အနေအထားမှာရှိတယ်။ ပြည်သူလူထုအနေနဲ့တော့ ရွေးကောက်ပွဲကို သိပ်ပြီးစိတ်ဝင်စားမယ်လို့ ကျနော့်အနေနဲ့မထင်ဘူး။ စစ်အာဏာသိမ်းပြီးနှစ်နှစ်တာအတွင်း အကြီးမားဆုံးပြောင်းလဲမှုဆိုလို့ရှိရင် ကုန်စည်ပြတ်လပ်မှု၊ နောက်ပြီး လူမျိုးစုနှစ်ခုကြားမှာ ပိုပြီးသဟဇာတဖြစ်လာတာကိုမြင်ရတယ်။ အဓိကတော့ ရခိုင်ပြည်သူလူထုရဲ့ လိုလားတဲ့ဆန္ဒတွေအကောင်အထည်ဖော်ဖို့ နီးလာတယ်လို့ပြောလို့ရတယ်" 

(ပြီး)

 

 

ဆက်စပ် သတင်းများ