သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမှာ တွေ့ဆုံမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဦးရဲထွန်း နဲ့ ဆက်သွယ်မေးမြန်းချက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 878


 နိရဉ္စရာ (အင်တာဗျူး)မေ ၃၁၊ ၂၀၂၃


ဇွန်လ ၁ ရက်နေ့မှာ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်ကြတဲ့ ရက္ခိုင့်တပ်တော်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တို့နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲဟာ တရုတ်အစိုးရရဲ့ တိုက်တွန်းမှုကြောင့် ဖြစ်ပေါ်လာတာလို့လည်း ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ် နေပါတယ်။ တရုတ်ရဲ့ပါဝင်ပတ်သက်မှုက ဘယ်အတိုင်းအတာထိ ရှိနေသလဲ။ အဲဒီဆွေးနွေးပွဲရဲ့ လားရာက ဘာလဲ။ အဓိက ဘာတွေကို ဆွေးနွေးကြမလဲ။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကို နိရဉ္စရာသတင်းဌာနရဲ့ လက်ထောက်အယ်ဒီတာ တစ်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

 

___________________________________________________________________________

 

 မေး - အန်ကယ် ဦးရဲထွန်း မင်္ဂလာပါခင်ဗျ။

 ဖြေ - မင်္ဂလာပါ။

 

 မေး မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA ၊ တအာန်း (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA)  တို့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။ ဒီဆွေးနွေးမှုဟာ တရုတ်အစိုးရရဲ့ တိုက်တွန်းမှုကြောင့်လို့ သိထားရပါတယ်။ အဲဒီဆွေးနွေးမှု ဖြစ်ပေါ်လာတဲ့ အပေါ် ဘယ်လိုမြင်မိပါလဲဗျ။

 ဖြေ - အဓိကတော့ တရုတ်ကတိုက်တွန်းလို့ နှစ်ဖက်စလုံးက လက်ခံပြီးတော့တွေ့ကြတာ အကောင် အထည်ဖော်တာပါပဲ။ ပထမတော့ နယ်စပ်က EAO အဖွဲ့တွေကို တိုက်တွန်းတယ်။ အဲဒါနဲ့ပတ်သက်ပြီး သဘောထားကြေညာချက်ထုတ်တယ်။ တရုတ်ပြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို သူတို့ ကြိုဆိုတယ်ဆိုပြီး ပြောတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နေပြည်တော်မှာ နစက ဥက္ကဋ္ဌနဲ့ တွေ့တယ်။ နဝတ ခေါင်းဆောင် ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့နဲ့လည်း တွေ့သွားတယ်ပေါ့။ အဲဒီဟာအပေါ်မှာ လက်တွေ့ အကောင်အထည်ဖော်တဲ့အနေနဲ့ အခုစတာပေါ့နော်။ နေပြည်တော်မှာလည်း မဟုတ်၊ တရုတ်ပြည် ခွန်မင်း မှာလည်းမဟုတ်ဘဲ မိုင်းလားမှာ တွေ့တာပေါ့နော်။ အရင်တုန်းကလည်း တွေ့ဖူးပါတယ်၊ နယ်စပ်က EAO ၃ဖွဲ့အနေနဲ့လည်း ကြိုတင်ပြီးတော့ ဒီကြားထဲ ပြင်ဆင်ပြီးလာတွေ့ကြတယ်လို့ထင်ပါတယ်။

 

 မေး - MNDAA၊ TNLA နဲ့ AA တို့ လှုပ်ရှားတဲ့နယ်မြေတွေမှာ စစ်တပ်နဲ့ တိုက်ပွဲတွေကြီးကြီးမားမားဖြစ်တာ မရှိဘဲနဲ့ တရုတ်က ဘာတွေကိုစိုးရိမ်လို့ ခုလိုတွေ့ဆုံပွဲ လုပ်ခိုင်းရတာပါလဲဗျ။

 ဖြေ - တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ၊ အထူးကိုယ်စားလှယ်တို့ တက်တက်ကြွကြွမလှုပ်ရှားခင်မှာ အမေရိကန်နိုင်ငံက NUG တို့ PDF တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲနဲ့ပေါင်းပြီး လှုပ်ရှားနေတာကို အမေရိကန်က ကူညီဖို့ဆိုပြီး ထွက်လာတာရှိတယ်။ လက်နက်ခဲယမ်းမီးကျောက်မပါဘဲ တခြားကူညီဖို့ဥပဒေ ထွက်လာတာအပြင် NUG ရုံးခန်းလာဖွင့်တာရှိတယ်၊ အမေရိကန်က NUG အပေါ် တက်တက်ကြွကြွ လှုပ်ရှားမှုမှာ လက်ခံလာတဲ့အပေါ် တရုတ်ဖက်က ပြန်ပြီး လှုပ်ရှားဆောင်ရွက်လာတယ်လို့ နားလည်ရပါတယ်။ မြန်မာနိုင်ငံကိစ္စမှာ ဘယ်ဖက်ကမှမပါဘဲနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ပေါ်ရေးကိုပဲ ဇောင်းပေးပြီးတော့ အာဆီယံက ဖြေရှင်းတာကိုပဲ စောင့်ကြည့်တိုက်တွန်းတဲ့ အနေအထားပဲရှိတယ်။ အမေရိကန်က မြန်မာကူညီရေး နောက်ပိုင်းမှာ အဲလိုတက်တက်ကြွကြွလှုပ်ရှားလာတာ တွေ့ရတယ်။ တရုတ်အနေနဲ့ မြန်မာကိစ္စမှာ မပါခဲ့ဘူးဆိုရင် အမေရိကန်ပါဝင်ပတ်သက်မှုတွေများလာတဲ့အခါကျတော့ အမေရိကန်ဖက်ကို ယိမ်းသွားမှာ စိုးရိမ်ပုံရပါတယ်။ ဒါကြောင့် အချိန်ကိုက်လှုပ်ရှားလာတာ ဖြစ်ပါတယ်။

 

 မေး - မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက တရုတ်နဲ့ နီးစပ်တယ်လို့  ယေဘူယျနားလည်လို့ ရပါတယ်။ အခု အမေရိကန်ဖက်က NDAA ဥပဒေတွေထွက်လာတာက သက်ရောက်မှု ဘယ်လောက်ထိ ရှိနိုင်ပါလဲ။ EAO တွေက အမေရိကန်ဖက် ယိမ်းယိုင်သွားနိုင်တဲ့ အနေအထားက တကယ် ရှိနေလို့လားဗျ။

 ဖြေ - မြောက်ပိုင်းအဖွဲ့တွေကို ယေဘူယျအားဖြင့်တော့ အမေရိကန်နောက်ပါသွားလိမ့်မယ်လို့ မစိုးရိမ်ပါဘူး။ ဒါပေမယ့် အမေရိကန်က ဒီအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ဖြစ်၊ ရင်းနှီးမှုတွေရပြီးတော့ အမေရိကန် ဩဇာခံဖြစ်မှာကိုတော့ စိုးရိမ်ပုံရတယ်။ အဲဒါတွေကတောက်လျှောက် စောင့်ကြည့်နေတဲ့ သဘောပေါ့။  အသေးစိတ်အချက်အလက်တွေ သိထားတာရှိပေမယ့် မပြောတော့ပါဘူး။ သတင်းစာမျက်နှာတွေမှာ ပေါ်လာတဲ့အချက်က ဦးသိန်းစိန်လက်ထက်လား၊ NLD လက်ထက်မှာလားမသိဘူး။ အမေရိကန်သံရုံးက မြစ်ကြီးနားဖက်သွားတဲ့ကိစ္စမှာ တရုတ်သံအမတ်က ဗြောင်ထုတ်ပြီးတော့ ဒီဒေသတွေဟာ ကျွန်တော်တို့ အကျိုးစီးပွားနဲ့ပတ်သက်နေတယ်။ ဒီဒေသတွေကို မသွားဖို့ဆိုတာမျိုး ပြောတာသတိထားလိုက်မိတယ်။ ဒီအဖွဲ့အစည်းတွေအပေါ် အမေရိကန် ဩဇာလွှမ်းမိုးလာမှာကို ကိစ္စအသေးလေးဖြစ်ပါစေ။ တရုတ်က  စောင့်ကြည့်နေတဲ့သဘောလို့ နားလည်ရပါတယ်။

 

 မေး - ဒါဆိုရင် မနက်ဖြန်ဆွေးနွေးကြမယ့်ပွဲက မြောက်ပိုင်း၃ဖွဲ့ကိုရော စစ်ကောင်စီဖက် ဗိုလ်ချုပ်ရာပြည့်တို့ကိုရော တရုတ်က သူဆွေးနွေးစေချင်တဲ့အကြောင်းအရာတွေကိုပဲ တွေ့ဆုံဆွေးနွေးကြမယ်ဆိုတဲ့ သဘောလို့ ပြောနိုင်ပါသလား။

 ဖြေ - မြန်မာနိုင်ငံအရေးကိစ္စပါဝင်ခဲ့တဲ့တလျှောက်မှာတော့ ဘာဆွေးနွေးပါ၊ ဘယ်ကိစ္စအထိ ရောက်အောင် အသေးစိတ် ညှိနှိုင်းပါဆိုတာတော့ ပြောလေ့မရှိဘူး။ ဥပမာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဦးနေဝင်းအစိုးရတို့ကြား ဆွေးနွေးတုန်းကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ ဆိုရှယ်လစ်စနစ် တည်ဆောက်ချင်တာ ရည်ရွယ်ချက်ခြင်းတူတာ ပူးပေါင်းပြီးရင် မကောင်းဘူးလားဆိုပြီး ယေဘူယျပေါ့နော် တိုက်တွန်းတယ်။  ဒီနောက်ပိုင်း နယ်စပ်ကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မြန်မာပြည်မအစိုးရကြားမှာလည်း သူက ဘာပြဿနာတွေကို ဘာတွေ ဆွေးနွေးနေတယ် ယေဘူယျအားဖြင့် သိတယ်။ အဲဒါတွေကိုတော့ သိပ်ပြီးပြောလေ့မရှိဘူး။ အခုဒီပွဲမှာ ကျွန်တော်ခန့်မှန်းကြည့်တာတော့ နစကဖက်က တိုင်းရင်းသားတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် အရေးထက် အဓိကအားဖြင့် NUG ရော၊ PDF တွေရော ခပ်ကင်းကင်းနေဖို့၊ မကူညီဖို့ ဆွေးနွေးလိမ့်မယ်လို့ ထင်တယ်။ တခြားကိစ္စတွေကိုတော့ ရေရှည်ဆွေးနွေးဖို့ ချန်ထားမှာပေါ့နော်။NCA လမ်းကြောင်းနဲ့ တစ်ဖွဲ့ကရှိနေတယ်၊ မြောက်ပိုင်းအဖွဲ့တွေကတော့ NCA မှာ မပါဝင်ခဲ့ဘူးပေါ့နော်၊ အဲဒါတော့ ပြောချင်မှပြောလိမ့်မယ်။

 

 မေး - နိုင်ငံရေးလေ့လာသူတွေက ပြောနေကြတယ်၊ စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲလုပ်မယ်ဆိုရာမှာ AA ဆိုရင်လည်း ရခိုင်မှာ မုန်တိုင်းကြောင့် ကယ်ဆယ်ရေးလုပ်နေရတယ်၊ ကိုးကန့်တို့ တအာန်းဒေသတို့မှာလည်း နယ်မြေအေးချမ်းတဲ့အတွက် ရွေးကောက်ပွဲအတွက် စစ်ကောင်စီက မြောက်ပိုင်း ညီနောင်သုံးဖွဲ့ကို စည်းရုံးရေးလုပ်ဖို့ ဆွေးနွေးကြမယ်လို့ ယူဆပြောဆိုနေတဲ့ အသံတွေထွက်နေတယ်။ အဲဒါကကော ဖြစ်နိုင်မယ်ထင်ပါသလား။

 ဖြေ - နစက ဥက္ကဋ္ဌပြောရာမှာ ၂၀၁၅ ကနေ ၂၀၂၀ အတွင်း ရွေးကောက်ပွဲလုပ်ရာမှာ နယ်မြေတွေ တိုးမလာဘဲ လျော့လာတယ်လို့ပြောတာရှိတယ်။ အခုသူတို့ဦးစီးလုပ်မယ့် ရွေးကောက်ပွဲမှာလည်း တစ်နိုင်ငံလုံးအနှံ့ လုပ်ပေးချင်တယ်လို့ သူပြောသွားတာရှိတယ်။ လက်တွေ့မြေပြင်အခြေအနေနဲ့တော့ ဆန့်ကျင်ဖက်ဖြစ်နေတာပေါ့။  လက်တွေ့မြေပြင်က ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ တုန်းက အခြေအနေလောက်မကောင်းဘူး။ လွတ်လွတ်လပ်လပ်မဲပေးနိုင်တာ မရှိဘူး။ သူကကြွေးကြော်ထားတာက အရင်က မဲဆန္ဒ နယ်မြေတွေထက် ပိုပြီးတော့ လုပ်ခွင့်ရဖို့ ကြွေးကြော်ထားတာရှိတော့ UWSA ဒေသမှာတော့ ရွေးကောက်ပွဲလုပ်ခွင့်ရဖို့ တောင်းဆိုထားတာရှိတယ်။  အဲဒီဒေသက ငြိမ်းချမ်းနေတော့ သူတို့သဘောတူရင် မခက်ဘူး။  AA တို့ MNDAA တို့က အရင်တုန်းက လုပ်ခဲ့တုန်းကလည်း အနှောင့်အယှက် မပေးခဲ့ဘူး။ ရွေးကောက်ပွဲကာလတွေဆိုရင် စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ဖူးပေါ့နော်။ သူတို့သဘောထားပြောင်းလဲမှုရှိမလား မပြောနိုင်ဘူး ပေါ့နော်။ အထူးသဖြင့်တော့ NUG နဲ့ PDF တို့နဲ့ ပတ်သက်မယ့် သဘောထားပေါ်မှာ နစကဖက်က ပြောလာမယ်ဆိုရင် ၃ဖွဲ့က ဘယ်လို တုန့်ပြန်မလဲပေါ့နော်။ တကယ်လို့ NUG ၊ PDF တို့နဲ့ လက်တွဲမယ်ဆိုရင်တော့ သူတို့က ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ သဘောထားရှိတယ်။  ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပဲ သူတို့က ဆုပ်ကိုင်ထားတာ၊ ဒီအပေါ်မှာ နစက က တောင်းဆိုလာခဲ့ရင် ညီနောင် ၃ဖွဲ့ ဘယ်လိုသဘောထား တုန့်ပြန်မလဲအပေါ်  မူတည်မှာပေါ့။

 

 မေး - မြောက်ပိုင်းညီနောင်  ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မနက်ဖြန်တွေ့မယ့်ပွဲမှာ ဖြည့်စွက် ပြောချင်တာများရှိပါသလား၊  ရှိရင် ပြောပေးပါဦးဗျ။

 ဖြေ - မြောက်ပိုင်း ၃ဖွဲ့ကို တရုတ်ကိုယ်စားလှယ်ကတွေ့ပြီးနောက်ပိုင်းမှာ သူတို့ထုတ်ပြန်ကြေညာချက်ကတော့ ကြိုဆိုတယ်ဆိုပြီးပြောထားပြီးနောက် ခေါင်းဆောင်တစ်ယောက်ချင်းကို အင်တာဗျုးတစ်ခုမှာ တွေ့လိုက်ရတာက တရုတ်ကဖိအားပေးလို့ သူတို့လက်ခံလိုက်ရတယ်လို့ဖြေထားတာ တွေ့လိုက်ရတယ်။ သူတို့ လိုလိုလားလားရှိလို့မဟုတ်ဘူး။ အဲဒီသဘောထားအမှန်ဆိုရင် ဒီဆွေးနွေးပွဲက သိပ်ပြီးရလဒ်ကောင်း ထွက်ဖို့မမြင်ဘူး။ နှစ်ဖက်သဘောတူညီချက်တွေရဖို့ တိုက်ပွဲတွေလျော့ကျသွားဖို့ အဲဒီသဘောထားပေါ် တည်မယ်လို့ ထင်တယ်။

 

 မေး - အန်ကယ်ဦးရဲထွန်း ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

 ဖြေ - ဟုတ်ပြီဗျ။

_______________________________ Narinjara News ______________________________

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး