ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 773

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ညနေ ၃ နာရီတွင် ထုတ်ပြန်လိုက်သည်။

ယနေ့ ဇူလိုင်လ ၂ဝ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းလွန်)တွင်ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေတွင် ဆက်လက်တည်ရှိနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

"အဆိုပါလေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် နောက် ၄၈ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားပြီး အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ်ကို ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်"ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုတ်သုံလေ အားကောင်းနေသည်ဟုလည်း ဆိုသည်။

ယနေ့ မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုး/ဇလက ဆိုသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉) ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်းလည်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသည့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ယနေ့ ဇူလိုင်လ ၂ဝ ရက်ဝန်းကျင်၌ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ၉ဝ ရာနှုန်းအထိရှိသည်ဟု ဇူလိုင်လ ၁၃ ရက်တွင် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းခဲ့သည်။

အလားတူ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဘင်္ဂလားပင်လယ်အော်တွင် ဇူလိုင်လ ၁၁ ရက်မှစပြီး ၁ဝ ရက်အတွင်း မုန်တိုင်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုမုန်တိုင်းမဖြစ်ပေါ်မီ လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး အဆိုပါလေဖိအားနည်း ရပ်ဝန်းမှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလက ထုတ်ပြန်ခဲ့သည်။

ငါးဖမ်းရေယာဉ်များ၊ ရေလုပ်သားများ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရေယာဉ်များနှင့် ပုဂ္ဂလိက အမြန်ရေယာဉ်များအနေဖြင့် ယခုရက်ပိုင်းအတွင်း ပင်လယ်ပြင်သို့ထွက်ခွာခြင်းမပြုကြရန်လည်း မိုး/ဇလနှင့် ဒေသခံများက တိုက်တွန်းနေကြသည်။ (NN-16)

ဓာတ်ပုံ - မိုး/ဇလ

ဆက်စပ် သတင်းများ