အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီစစ်ကြောင်းကို AAနှင့် KIA တို့တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး စစ်သား ၅ ဦးကိုအရှင်ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ရှန်ထုန်းတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ရိက္ခာယူရန် ဆင်းလာစဉ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)နှင့် ရက္ခိုင်တပ်တော် (AA) တို့ ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ဗိုလ်ကြီးအဆင့် ၁ ဦး အပါအဝင် စစ်သား ၅ ဦးကို လက်နက်များနှင့် အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင်တပ်တော်နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မိုးမောက်မြို့နယ်၊ ရှန်ထုန်းတောင်မှာ တပ်စွဲထားသည့် ပူးပေါင်း ၄၃၈ ၊ ခမရ ၄၃၇ စစ်ကြောင်းမှ စစ်သား ၁၅ ဦးခန့်သည်  နွမ့်လန်ကျေးရွာသို့ ရိက္ခာယူရန် ဆင်းလာစဉ်  AAနှင့် KIA တပ်ရင်း ၂၅ တပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၅ ဦးကို အရှင်ဖမ်းမိခဲ့ပြီး ယင်းထဲက တစ်ဦးသည် ဒဏ်ရာများနှင့် သေဆုံးသွားခဲ့သည်ဟု The Kokang မီဒီယာတွင်လည်း သတင်းဖော်ပြထားသည်။

စစ်သား ၅ ဦးနှင့် အတူ  MA အမျိုးအစား မောင်းပြန်ရိုင်ဖယ် သေနတ် ၅ လက်၊ ပစ္စတို ၁ လက်နှင့် ကျည်ဆန် အများအပြားတို့ကို တော်လှန်ရေးတပ်ပေါင်းစုမှ သိမ်းဆည်းရမိခဲ့သည်။

ရှန်ထုန်းတောင်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွင် လူ ၂၀၀ လောက်ရှိသည့် စခန်းတစ်ခုဖြစ်ပြီး ဗန်းမော်-နန်းဆန်ယန် ကားလမ်းဘေးတွင် တည်ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် နှင့် နီးကပ်စွာ ရှိနေသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် နိုင်ငံတဝန်းတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် PDF တို့နှင့် ထိတွေ့တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှု များပြားလျက် ရှိနေကြောင်း သိရသည်။

 

ပုံစာ- ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများကို AAနှင့် KIA တပ်သားများနှင့် အတူတွေ့ရစဉ်။

ဆက်စပ် သတင်းများ