ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဘူးသီးတောင် ၃၁ ဘုံဗျူဟာမှ စခန်းစွန့်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်ကြားဖြတ်တိုက်ခိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ နွားရုံတောင်ကျေးရွာအနီးရှိ  ၃၁ ဘုံဘုရား (စံဂိုးထောင်)တွင် အထိုင်ချထားသော ဗျူဟာမှ စခန်းစွန့်ခွာ တပ်ဆုတ်လာသော စစ်ကြောင်းကို ရက္ခိုင့်တပ်တော်( AA) က  ကြားဖြတ်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်ဖြစ်ပွားကြောင်းသတင်း ရရှိသည်။

ဒေသခံတစ်ဦးက “ မနေ့က ည ၁၀ နာရီကျော်လောက်မှာ သေနတ်စပေါက်သံကြားရပါတယ်။ ၃၁ ဘုံ ဘုရားကနေ ဘူးသီးတောင်ဘက်ကို စခန်းစွန့်ခွာတဲ့ စစ်ကြောင်းကို ကိုယ့်တပ်တော်ဘက်က ကြားဖြတ် တိုက်တာပါ။ တိုက်ပွဲကတော်တော်ပြင်းထန်ပါတယ်”ဟု ပြောကြားသည်။

လက်ရှိ စိုင်းတင်တံတားဘက်ကတွင် စစ်ကောင်စီတပ်သားများ လယ်ကွင်းပြင်တွင် ပိတ်မိနေပြီး တိုက်ပွဲ ယနေ့ နံနက်ထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယခု ၃၁ ဘုံဗျူဟာ( စံဂိုးထောင်) သည် ရသ့တောင်မြို့နယ် မြောက်ပိုင်းနှင့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း အစပ် ကားလမ်းဘေးတွင် တည်ရှိသော ဗျူဟာဖြစ်ပြီး မကြာခဏ အနီးအနားကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော စခန်းတစ်ခုဖြစ်သည်။

စေတီတောင် ဒေသခံတစ်ဦးက “ ကျနော်တို့ မနေ့က တစ်ညလုံး ပစ်သံတွေကို ကြားရတယ်။ သိပ်မဝေးဘူးကြားရတာက။ ဒုံးသိမ်ဘက်ကနေ ကြားရတယ်။ ဒီနေ့မနက်လည်း ဆက်တိုက်ကြားရတယ်။ စစ်သားတွေ စခန်းစွန့်တယ်လို့လည်း ကြားရပါတယ်။ သေနတ်သံတွေက နေရာစုံကကြားရတယ်” ဟု ပြောကြားသည်။

ရသေ့တောင်နှင့် ဘူးသီးတောင်ကို ဆက်သွယ်ထားသော ကားလမ်းတစ်လျှောက်တွင် ယခင်က ရသေ့တောင်ဘက်ခြမ်းတွင် ရေစိုးချောင်းဗျူဟာ၊ ထီးစွဲဗျူဟာ၊ ဆောက်ခတ်အထိုင်စခန်း၊ မညင်းတောင် အထိုင်စခန်းများရှိခဲ့သော်လည်း စခန်းများအားလုံးမှာ စွန့်ခွာသွားခဲ့ကြသလို ရေစိုးချောင်းဗျူဟာမှူး အပါအဝင် တချို့ စစ်သားများမှာ ရက္ခိုင့်တပ်တော်ထံ လက်နက်ချသွားခဲ့ကြသည်။

လက်ရှိတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် တည်ရှိသည့် သုံးဆယ့်တစ်ဘုံ (စံဂိုးထောင်) ဗျူဟာမှလည်း ဘူးသီးတောင်မြို့သို့ စခန်းစွန့်ခွာတပ်ဆုတ်စဉ် ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံရနေရသည်ဟု သိရသည်။

ဇန်နဝါရီ ၂၄ ရက် နံနက်ကလည်း ၃၁ ဘုံ စံကားတောင်ရှိ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ အနည်းငယ် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်မေးမြန်းရန် မလွယ်ကူ၍ အထိအခိုက်အကျအဆုံးများကို မသိရသေးပါ။ ဖုန်းအဆက်အသွယ် ရနိုင်သမျှကို ဆက်သွယ်ပြီး သတင်းအချက်အလက်များကို စုစည်းတင်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

ဆက်စပ် သတင်းများ