ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

ယနေ့ စစ်ကောင်စီအားတော်လှန်တိုက်ပွဲသည် “၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တို့အားတော်လှန် မောင်းထုတ်သည်တိုက်ပွဲနှင့် အသွင်သဏ္ဍာန်တူသည်”ဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 771

ယနေ့ မြန်မာနိုင်ငံ၌ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေသည်မှာ ၁၉၄၅ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံအတွင်းမှဖက်ဆစ်ဂျပန်တို့အား မောင်းထုတ်သည့်နှယ် အသွင်သဏ္ဍာန်တူလှသည်ဟုညီနောင်သုံးဖွဲ့က ပြောဆိုလိုက်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့၊ ည (၁၁:၅၀) အချိန် “Operation 1027”  ၁၀၂၇ စစ်ဆင်ရေး (၆၂) ရက်မြောက်နေ့ တိုက်ပွဲသတင်းများကို ညီနောင်သုံးဖွဲ့မှ ထုတ်ပြန်ရာတွင် ထိုသို့ ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်တွင် မိမိတို့နည်းတူ စစ်ကောင်စီကိုတော်လှန်နေကြသည့် အခြားသော တော်လှန်ရေး အဖွဲ့အစည်းတို့သည်လည်း ၎င်းတို့လှုပ်ရှားရာနယ်မြေများ၌ စစ်ကောင်စီအား ရသည့် နည်းလမ်းဖြင့် တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ယနေ့အချိန်တွင် "တစ်နိုင်ငံလုံးစစ်ဆင်ရေးပုံစံအသွင်မျိုးဖြင့် ဖက်ဆစ်စစ်အာဏာရှင်တို့အား တော်လှန် တိုက်ထုတ် နေကြသည်မှာ ၁၉၄၅ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံအတွင်းမှ ဖက်ဆစ်ဂျပန်တို့အား မောင်းထုတ်သည့်နှယ် အသွင်သဏ္ဍာန်တူလှသည် ဟု ဖော်ပြထားသည်။

ထုတ်ပြန်ချက်၌ နှစ်လတာ စစ်ဆင်ရေးကာလအတွင်း ရန်သူ့စစ်စခန်း၊ မြို့ကြီးအမြောက်အမြားအား သိမ်းပိုက်ရယူနိုင်ခဲ့ကာ မိမိတို့သတ်မှတ်ထားသည့် ရန်သူ၏ စစ်ဆင်ရေးပစ်မှတ်များကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊  ထို့အတူ အဆိုပါ သတ်မှတ်ထားသော စစ်ဆင်ရေး နယ်မြေများနှင့် ဆက်စပ်မြို့ကြီးအချို့ကိုလည်း မိမိတို့ ညီနောင် မဟာမိတ်များမှ ထိန်းချုပ်ထားပြီး အဆိုပါမြို့ကြီးများ၏ အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်နိုင်ရေး အတွက် မိမိတို့မှ အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြောင်းဖော်ပြထားသည်။

၎င်းပြင် ညီနောင်မဟာမိတ် (၃) ဖွဲ့၏နယ်မြေများတွင် စစ်ကောင်စီတပ်၏ မရှုမလှရုပ်ပျက်ဆင်းပျက် ဖြစ်ပျက်နေ သည့် ဖြစ်ရပ်၊ မြင်ကွင်းများမှာ နေ့စဉ်နှင့်အမျှရှိနေကြောင်း၊ တစ်ပြိုင်နက်တည်းတွင် ဘုံရန်သူစစ်ကောင်စီအား တော်လှန်တိုက်ခိုက်သည့် အဖွဲ့အစည်းများမှာ တစ်ရက်ထက်တစ်ရက် များပြားလာနေခြင်းက မြန်မာပြည်သူ လူထုတစ်ရပ်လုံး လိုလားသော ဆန္ဒကို ပြည့်ဝရန် နီးစပ်လာခြင်းပင်ဖြစ်ကြောင်းဆက်လက်ဖော်ပြသည်။ 

ဤတစ်ကြိမ်၊ ဤအခွင့်အရေးကို အမိအရ ရယူပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဆန္ဒကို ပြည့်ဝစေရန် လာမည့် နှစ်သစ်တွင် ယခုထက်အားစိုက် ကြိုးပမ်းကြရန်ကိုလည်း မိမိတို့စစ်ဆင်ရေး၏ နှစ်လပြည့်နေ့တွင် အထူး အလေးအနက်တိုက်တွန်းလိုက်ပါသည်ဟု ပြောဆိုထားသည်။

(ဓာတ်ပုံ - မိုးမခ)


ဆက်စပ် သတင်းများ