ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

အိန္ဒိယဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ဦးကို စစ်တွေသို့ ပြန်ပို့


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 752

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်  ရက္ခိုင့်တပ်တော် (AA)၏ ပွိုင့်(၃၇၇) စခန်းသိမ်းတိုက်ပွဲနှင့် မြိတ်၀တိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ဦးကို စစ်ကောင်စီက စစ်တွေမြို့သို့ လေယာဉ်ဖြင့် ပြန်ခေါ်လာသည်ဟု သတင်းရရှိသည်။

၎င်းစစ်သားများကို မြန်မာနိုင်ငံဘက်သို့ ပြန်လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း  DD News Mezoram သတင်းကို ကိုးကားပြီး  Mizzima ကလည်း သတင်းဖော်ပြသည်။

အဆိုပါ စစ်ပြေးတပ်သားများကို ယမန်နေ့ဇန်နဝါရီလ ၂ ရက်က မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ Lengpui လေဆိပ်မှ မြန်မာ့လေကြောင်းဖြင့် ပထမအသုတ် ၈၄ ဦး၊ ဒုတိယအသုတ် ၆၇ ဦးပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်မှ စစ်ကောင်စီ အခြေကုပ်စစ်စခန်း တစ်ခုဖြစ်သော ပွိင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းအား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်သိမ်းပိုက်စဉ် ဒီဇင်ဘာလ ၂၉ ရက်တွင် စစ်သားများသည် စခန်းစွန့်ခွာပြီး အိန္ဒိယနိုင်ငံထဲသို့ လက်နက်များဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။


မီဇိုရမ်ရှိ Lengpui လေဆိပ်ကို မြန်မာစစ်တပ် စစ်လေယာဉ်တစင်းက ဆင်းသက်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်တွေမြို့သို့ ပြန်လည်ခေါ်ဆောင်သွားမည်ဟုလည်း အိန္ဒိယသတင်းများကရေးသားထားကြောင်း သိရသည်။

စစ်ကောင်စီ၏ အမှတ် (၃၇၇) တပ်ရင်းသည် မြောက်ဦး အခြေစိုက်တပ်ရင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Lengpui လေဆိပ်တွင်ဆင်းသက်ခေါ်ဆောင်ရေးအတွက် နယူးဒေလီအစိုးရက အစီအစဉ်များလုပ်ပေးခဲ့ပြီး စစ်သားများကို စစ်တွေမြို့သို့ ပြန်ခေါ်ဆောင်သွားမည်ဟု အိန္ဒိယသတင်းများကိုကိုးကား၍ BBC သတင်းဌာနက ယနေ့ဖော်ပြထားသည်။

အဆိုပါစစ်သားများသည်  ဒီဇင်ဘာ ၂၉ ရက်နေ့တွင်  အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်၊ တွံဆဲန်းရွာထဲ  ဝင်ရောက်လာခဲ့သည်ဟု သိရသည်။

ယင်းနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိန္ဒိယ ရဲစခန်းတွင်  လက်နက်အပ်ပြီး ၎င်း ရဲစခန်းမှတဆင့် အာသံရိုင်ဖယ်တပ်ရင်းထံ လက်နက်များနှင့်တစ်ကွ ပို့ဆောင် အပ်နှံခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီ (၂၀) မိနစ်အချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသ အတွင်းရှိ ရန်သူ့အခြေကုပ်စစ်စခန်း တစ်ခုဖြစ်သော ပွိင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းအား ရက္ခိုင့်တပ်တော် ( AA)က အပြီးသတ်သိမ်းပိုက် ရယူထားနိုင်ခဲ့ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။(NN-23)

 ဓာတ်ပုံ- DD News Mezoram and Mizzima

ဆက်စပ် သတင်းများ