တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

နယ်စပ်တိုက်ပွဲများကြောင့် တရုတ်ပြည်သူများ ထိခိုက်ဒဏ်ရာရမှု တရုတ်အစိုးရက ပြင်းထန်စွာပြစ်တင်ရှုတ်ချ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 851

(တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးရန် လုပ်သင့်တာအားလုံး လုပ်ဆောင်သွားမည်ဟုဆို)

မြန်မာနယ်စပ်အနီး ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်ဒဏ်ရာရမှု အတွက် အလွန်အမင်း စိတ်မချမ်းမသာ ဖြစ်ရကြောင်း နှင့် တရုတ်နိုင်ငံသားများကို အကာအကွယ် ပေးရန် လိုအပ်သည်မှန်သမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်ခြမ်းသို့ မြန်မာဘက်က ပစ်ခတ်လိုက်သည့် အမြောက်ကျည်ဆန် တစ်ခု ဗုဒ္ဓဟူးနေ့က ကျရောက်ပေါက်ကွဲခဲ့ပြီး လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့ပြီးနောက် တရုတ်အစိုးရက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ကြာသပတေးနေ့က ပြုလုပ်သည့် တရုတ်အစိုးရသတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက မြန်မာနိုင်ငံနယ်စပ် လက်နက်ကိုင် တိုက်ပွဲများကြောင့် တရုတ်ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် များစွာ စိတ်မချမ်းမသာဖြစ်ရကြောင်း ပြောကြားသွားခဲ့သည်။

“ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်နေကြသူအားလုံး အမြန်ဆုံး ပစ်ခတ်မှုတွေ ရပ်ဆိုင်းပြီး လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ကြဖို့ တရုတ်နိုင်ငံက ထပ်လောင်း တောင်းဆိုပါတယ်” ဟု ဝမ်ဝေဘင်းက ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် “ တရုတ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် လုပ်သင့်တာအားလုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒုံးကျည်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသား မည်မျှဒဏ်ရာရ သေဆုံးသည်ကိုမူ ဝမ်ဝေဘင်းက အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ပြီးခဲ့သည့် အောက်တိုလက စတင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ထိုးစစ်ကြောင့် အဓိကနယ်စပ်ကုန်သွယ်ရေး မြို့အပါအဝင် မြို့အများအပြားနှင့် တပ်စခန်းများကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရာ အဏာသိမ်းပြီးနောက်ပိုင်း အထိအနာဆုံး နှင့် အကြီးမားဆုံး စစ်ရှုံးမှုဟု လေ့လာသုံးသပ်သူများက ဆိုသည်။

ပြီးခဲ့သည့်လကပင် တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကာ ခေတ္တ အပစ်အခတ်ရပ်စဲခဲ့သော်လည်း ပြီးခဲ့သည့် ရက်များက စတင်ပြီး တိုက်ပွဲများ အပြင်းအထန်ပြန်လည်ဖြစ်ပေါ်ခဲ့ရာ တရုတ်သံရုံးက နိုင်ငံသားများ ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် သတိပေးခဲ့ရသည်။ NN-27, Ref: CNA

ပုံစာ- တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ မြန်မာသံရုံး

ဆက်စပ် သတင်းများ