တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့အနီးဝန်းကျင်မှ ညဉ့်အချိန်သေနတ်ပစ်ခတ်သံများ အဆက်မပြတ်ကြားခဲ့ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.9k

ခိုင်လူလှ( ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ်၂၇ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်မှ ၃ မိုင်ခန့်အကွာ ကျောက်တန်း၊ ရွှေလိူင် ရွာဘက်က လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများကို ယနေ့ ညဉ့် ၁ဝ နာရီ ၄၅ မိနစ်မှ ၁၁ နာရီထိ ကြားနေခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ကျောက်တော်မြို့ပေါ်မှ မြို့မိမြို့ဖ တစ်ဦးက “ ပစ်သံတော့ ကြားနေရပါတယ်။ အနီးလေးက ကြားနေရပါတယ်။ ကျောက်တန်း၊ ဝက်မှိုင်း၊ ရွှေလိူင် အဲဒီနေရာတွေကလို့ မြို့ပေါ်က လူတွေ ပြောနေကြပါတယ်။ ညမထွက်ရတော့ အသံကြားနေရရုံဘဲ။ အတိအကျတော့ မပြောနိုင်ဘူး” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ကျောက်တန်း၊ ဝက်မှိုင်း၊ ရွှေလှိုင်မှာ ကျောက်တော်တစ်ဖက်ကမ်း ကုလားတန်မြစ် အရှေ့ဘက်ခြမ်းတွင်ဖြစ်ကြောင်းပြောကြားသည်။

“ အသံက အကျယ်ကြီးကြားရတယ်။ လက်နက်ငယ်သံထက် လက်နက်ကြီးသံတွေကို ကြားရတယ်။ လက်နက်ကြီးသံက ပိုကြားရပါတယ်။ ၁ဝ နာရီ ၄၅ မိနစ်က စကြားရပါတယ်။ ကျောက်တော်မြို့ပေါ်ကတော့ ညဉ့်မထွက်ရတော့ တိတ်ဆိတ်နေပါတယ်။ လူတွေကတော့ ကိုယ့်အိမ်ထဲမှာ နေကြပါတယ်” ဟု ပြောကြားသည်။

၎င်းမြို့မိမြို့ဖဖြစ်သူက နှစ်ဘက် တိုက်ပွဲ ဖြစ်သည့် ပုံစံမျိုး တစ်ဖက်နှင့် တစ်ဖက် ကုန်းပေါ်တွင် တိုက်ခိုက်ခဲ့ကြသည့် အသံမျိုးကြားရသည်ဟု ဆိုသည်။

တစ်ခြား အမျိုးသမီးတစ်ဦးက  ကုလားတန် မြစ်နားတစ်လျှောက် ပိန္နဲချောင်း၊ ဝက်မှိုင်း၊ ကျောက်တန်း၊ သဝင်ကိုင်း၊ စစ်အောင်၊ ရွှေလိူင်ဘက်မှ ပစ်ခတ်သံများ ကြားနေရသည်ဟု ပြောကြားသည်။

သာဒါဆိပ်ရွာသား တစ်ဦးက " ကုလားတန်မြစ်ထဲရှိ နေဗီကလည်း ပစ်ခတ်ကြောင်း၊ လက်နက်ကြီး  ရွာကိုကျော်ပြီး ပစ်ခတ်ကြောင်း၊ မည်သည့်နေရာသို့ ပစ်ခတ်သည်ကို မသိရကြောင်း၊ သေနတ်သံများကြောင့် ယခုအချိန်ထိ ကြောက်လန့်ပြီး မအိ်ပ်နိုင်ကြဘဲ ရှိနေကြောင်း ညဉ့် ၁၁ နာရီ မိနစ် ၅ဝ က ဆက်သွယ် မေးမြန်းစဉ် ပြောကြားသည်။

နိရဥ္စရာသတင်းဌာနအနေဖြင့် ညဉ့်အချိန်ဖြစ်သဖြင့် ဒေသခံများအား မေးမြန်းရန် အခက်အခဲ ရှိနေ၍ သေနတ်ပစ်ခတ်မှု ဖြစ်ပွားရခြင်း အသေးစိတ်အခြေအနေကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ