ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် အုတ်တောင်ရွာအနီးတိုက်ပွဲဖြစ်၊ ရွာသားများကြောက်လန့်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 560

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ရွာအနီး တွင် ယနေ့ နံနက် ၈ နာရီကျော်က စပြီး မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂ နာရီ အချိန်ထိ ကြိုးကြားကြိုးကြား ပစ်ခတ်သံများထွက်နေသဖြင့် ကျေးရွာသားများမှာ ကြောက်လန့်ပြီး ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။

အုတ်တောင်ဆရာတော်က “ မနက် ၈ နာရီလောက်မှာတစ်ကြိမ်ဖြစ်ကြတယ်။ ၁ဝ မိနစ်လောက် လက်ငယ်ပစ်ခတ်သံတွေနဲ့ လက်နက်ကြီး ၄ ချိန်းပစ်ခတ်တာကို ကြားလိုက်ရတယ်။ အဲဒီနောက် ကြိုးကြား ကြိုးကြား ပစ်ခတ်သံတွေကို ကြားရတယ်။ ဦးဇင်းဆွမ်းသုံးတဲ့ အချိန်မှာ နောက်တစ်ကြိမ် ထပ်ဖြစ်ကြတယ်။ ကျည်ဆံတွေက ရွာပေါ်ကနေ ဖြတ်တယ်။ လက်နက်ကြီး သံတွေကိုလည်း ကြားကြရတော့ ကလေးတွေလည်း ကြောက်ပြီး ငိုကြတယ်။ ဒါကြောင့်ရွာသားတွေကကြောက်ပြီး ဘူးသီးတောင်မြို့ပေါ်က တက်ပြေးကြတယ်။ ကျောင်းမှာတော့ ဦးဇင်းနဲ့ တကာ တစ်ယောက်ဘဲကျန်တယ်” ဟု ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားနေသော နေရာသည် အုတ်တောင်ကွင်းဟု ခေါ်ဆိုပြီး အုတ်တောင်ရွာမှ တစ်မိုင်သာသာ ဝေးသည်ဟု သိရသည်။

“ လေးဘက်လေးတန် အရပ်လေးမျက်နာစလုံးက ကြားရတယ်။ ပစ်တယ်။ ရပ်သွားတယ်။ ထပ်ပစ်တယ်။ အခုထိ ကြားနေရတယ်။ အနောက်ဘက်တောင်တန်းတွေနဲ့ ၅၆၄ တပ်ရင်းဘက်က အရှေ့ဘက်တောင်တန်းတွေကို လက်နက်ကြီးနဲ့ ပစ်နေတာကို ကြိုးကြားကြိုးကြား ကြားနေရပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

အုတ်တောင်ရွာသည် အိမ်ခြေ ၂၆ ဆောင်သာရှိပြီး လူဦးရေ ၁ဝဝ ကျော်ရှိကြောင်၊ အနီးအနားရှိ ဝမ်းတွင်းရွာတွင် အိမ်ခြေ ၃ဝ ခန့်သာရှိသည်ဟု ဆိုသည်။

ဝမ်းတွင်းရွာမှ အမျိုးသမီး တစ်ဦးက တိုက်ပွဲမှာ တစ်နာရီခန့်ကြာမြှင့်ပြီး နံနက် ၁ဝ နာရီတွင် ရပ်တန့်သွားကြောင်း၊ သို့သော်လည်း တပ်မှဘက်မှ ပစ်သည့် လက်နက်ကြီး အသံများကို အချိန်အကြာကြီး ကြားနေခဲ့ရသည်ဟု  ပြောကြားသည်။

ယမန်နေ့ကလည်း ဝမ်းတွင်းရွာ အရှေ့ဘက် တောင်တန်းများကို တပ်မတော်က စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ရွာသားများက ပြောသည်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက “ မနေ့က ညနေ ၃ နာရီ ကျော်လောက်မှာ ပြင်ရှည်၊ ဝမ်းတွင်း၊ အုတ်တောင်ကြားက ရွာတွေကို ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တယ်။ ဒီနေ့ နံနက်မှာတော့ တပ်ဘက် စစ်ကြောင်းထိုးပုံရပါတယ်။ မျှောချောင်းဘက်ကို။ အဲဒါကြောင့်တိုက်ပွဲ ဖြစ်တယ်လို့ ယူဆရပါတယ်။ အုတ်တောင်ရွာနဲ့ နီးနီးလေးပါ။ ရွာသားတွေကတော့ ကြောက်ပြီး ဒီကနေ့ နံနက်ကတည်းက ဘူးသီးတောင်မြို့ပေါ်ကို ထွက်ပြေးလာကြတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။ 

ဆက်စပ် သတင်းများ