သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရခိုင်NLDမှ ထိပ်ပိုင်းခေါင်းဆောင်အနည်းဆုံး၁၀ဦးဖမ်းဆီးခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 3.4k

ထက်အောင်

နိရဉ္စရာ၊ မေ ၁/ ၂၀၂၁

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရခိုင်ပြည်နယ်က အနည်းဆုံးထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးထိ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသည်ဟု အမည်မဖော်လိုသူ ပါတီခေါင်းဆောင် တစ်ဦးက ပြောသည်။

 

၎င်းတို့ (၁၀) ဦးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲခေါင်ညွှန့်၊ ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ NLD ရခိုင်ပြည်နယ် ဒုဥက္ကဌ ဦးစိုးလေး တောင်ကုတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်၊ တောင်ကုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းဟောင်း ဒေါ်ချစ်ချစ်ချော၊ ဦးညီပု သမီး ဒေါ်မိုးဆန်းစုကြည်နှင့် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ေလာင်းဟောင်း ဦးထွန်းလှိုင်တို့ ဖြစ်ကြသည်။

 

၎င်းပြင် ဒေါ်နီနီမေမြင့်၏ မောင်ဖြစ်သူ မောင်ဟိန်းမြင့်ထက်နှင့် တောင်မြို့နယ် NLD မှ ကိုသန့်ဇင်ဖြိုး၊ ဂွမြို့မှ ဦးညီပု၏ ကိုယ်ရေးအရာရှိ ဦးကြည်စိုးထွန်းတို့လည်း ဖမ်းဆီးခံထားရသည်။

 

 

ရခိုင်ပြည်နယ် NLD ပါတီ ဒုဥက္ကဌ ဦးစိုးလေးကို ပြီးခဲ့သည့် မေလ ၈ ရက်နေ့ ညက စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်းရှိ NLD ဗဟိုဌာနချုပ်မှာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာကို ပြောဆိုထားသည်။

 

ဖမ်းဆီးခံထားသည့် ဦးစိုးလေး ဒေါ်မိုးဆန်းစုကြည်နှင့် မောင်ဟိန်းမြင့်ထက်တို့မှလွဲ၍ ကျန်သူများသည် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်တရားရုံးများတွင် တရားစွဲဆိုခံထားရသည်။

 

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်တပ်က အာဏာသိမ်းပြီး ၉ ရက်အကြာတွင် ၎င်း၏နေအိမ်ကနေ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ည အချိန်လာရောက်ဖမ်းဆီးခြင်းကို ဒုတိယအကြိမ်ခံလိုက်ရကာ နောက်တစ်ရက်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညတွင် ဂွမြို့နယ် ပြည်သူ့ ွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွှန့်လည်း ထပ်မံ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

 

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း ဖေဖော်ဝါရီလ ၉ ရက်နေ့၌ တောင်ကုတ်မြို့တွင် စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြရာမှ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး နောက်ပိုင်းမှာတရားစွဲဆိုခံရကာ လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရကြောင်း သိရသည်။

 

ပြည်နယ်စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်သည် တောင်ကုတ်တရားရုံးမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ (၂၅)၊ ငြိမ်းစုစီ ပုဒ်မ ၁၉ တို့ဖြင့်အမှုရင်ဆိုင်နေရပြီး သူ့ကို တောင်ကုတ် အခြေစိုက် တပ်ရင်း ခလ၇(၅၄၄) မှာထိမ်းသိမ်းထားကြောင်း မသားစုဝင်များထံက သိရသည်။

 

လက်ရှိမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအား စစ်တွေတရားရုံးမှာ စစ်တွေမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှုက တရားလိုလုပ်တရားစွဲဆိုထားခြင်းကြောင့် အမှုရင်ဆိုင်နေရသည်မှာ (၃) လနီးပါးကြာမြင့်လာပြီး အမှုက သက်သေများကို စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

 

းညီပု၏သမီးကြီး မကြည်ကြည်ဦးက ကိုယ်ကတော့ စိတ်သောက ရောက်ပြီးတော့ဘဲ နေရာတာပေါ့။ အဖေအတွက်လည်း ပူရတယ်။ ရှေ့နေကတော့ ပြောပြပါတယ်။ ဖေဖေ့ ကျန်းမာရေး အခြေအနေက ကောင်းတဲ့အနေအထားမှာရှိတယ်ပေါ့။ အဲလောက်ပဲသိရပါတယ်။ လူချင်းလည်းမတွေ့ရတော့ ဘာမှလည်း မသိရဘူးပေါ့ဟု ပြောသည်။

 

 ဦးရဲခေါင်ညွှန့်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နှင့် ဂွမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရပြီး သူ့ကို မြို့မရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း ဇနီ ဒေါ်ခင်ထားနွယ်က ပြောသည်။

 

သူ့ရဲ့ အမှုအခြေအနေကတော့ တရားလိုဖက်က သက်သေတွေကိုစစ်ဆေးနေတယ်။ ဖမ်းဆီး တရားစွဲဆိုခံရတဲ့အပေါ်မှာတော့ စိုးရိမ်တယ်။ အခုအချိန်ထိ သူ့ရဲ့အမှုအခြေအနေတွေကို ဘာမှတိတိကျကျမသိရသေးဘူး။ သူ့ကိုလည်း စစ်ဆေးတာတွေ မလုပ်ရသေးဘူးဆိုတော့ သူ့ကို ဘယ်အတိုင်းအတာထိ တရားရုံးက ဆုံးဖြတ်ချက်ချမလဲဆိုတာ စိုးရိမ်မိပါတယ်ဟု ဆိုသည်။

 

စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှ တောင်ကုတ်၊ ဂွ၊ သံတွဲ မာန်အောင်၊ အမ်း စသည့်မြို့နယ်များတွင်  စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ ဖမ်းဆီးခံရသူ ဆယ်ဂဏန်း အထိရှိခဲ့ပြီး နောက်ပိုင်းတွင် ခံဝန်ဖြင့် တချို့ကို ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

 

စစ်တွေမြို့တွင်လည်း NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်၊  ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၏ ကားဒရိုင်ဘာလည်းဖြစ်သူ ဦးထွန်းလှိုင်ကို ဧပြီလ ၂၈ ရက်နေ့၌ စစ်တွေ တွင် အရပ်ဝတ်ရဲများ၏ ဖမ်းဆီးခြင်းကိုခံရပြီး လက်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွင် ဖမ်းဆီးထားကြောင်း မိသားစုဝင်များက ပြောဆိုသည်။

 

ထို့ပြင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၏ သမီးဖြစ်သူ NLD ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည် အပါအဝင် လူငယ် (၃) ဦးကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်း၊ လှည်းတန်းမြို့နယ် အတွင်း၌ စစ်တပ်နှင့်ရဲတို့၏ ဖမ်းဆီးခြင်းကိုခံလိုက်ရကာ လက်ရှိအချိန်ထိ သူတို့နှင့်ပတ်သက်ပြီး သတင်းအစအနမရသေးကြောင်း အစ်မဖြစ်သူက ပြောသည်။

 

ဦးစိုးလေးနှင့်အတူ ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်၏ မောင်ဖြစ်သူ မောင်ဟိန်းမြင့်ထက်နှင့် ဦးဘမျိုးသိန်းတို့ဖြစ်ပြီး မေလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ NLD ဗဟိုဌာနချုပ်ရုံးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ပါတီဝင်တစ်ဦးက ပြောသည်။

ဆက်စပ် သတင်းများ